မော်လမြိုင်၊ စက်တင်ဘာ ၉
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံတွင်များ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ဆေးရုံ ပုရဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊
ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦနှင့် ပတ်သက်သည့် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်း လူအင်အား၊ စက်အင်အားများဖြင့် ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် အရပ်ဖက် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ လုပ်သားပြည်သူများက ဆေးရုံအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး သန့်ရှင်းသာယာလှပမှုရှိစေရန်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြေစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်ကြားမှာကာ မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး ပုရဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးက အများပြည်သူများ ဆေးရုံများအတွင်း သန့်ရှင်းသာယာလပ၍ စိတ်အေးချမ်းမြေ့စွာဖြင့် ဆေးရုံများတွင် ဆေးဝါးကုသမှုခံယူနိုင်ကြစေရန်၊ ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေး ပြည့်မီစွာ ရရှိစေရေး ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး ဆေးရုံဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံ
တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံများ၊ တိုက်နယ်ဆေးရုံများအား စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ ၂ဝ၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့သည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဖြစ်သလို မွန်ပြည်အတွင်းရှိ မြို့နယ်အသီးသီးမှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်သူ ကြက်ခြေနီတပ်ဖွဲ့ဝင် မောင်၊ မယ် လေးများကို ဂုဏ်ပြုဆုများချီးမြှင့်ခြင်းအတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ လူမှုကရုဏာလုပ်ငန်းများဆောင်ရွက်ရာအခန်းကဏ္ဍမှာ နိုင်ငံတော်ရဲ့ အရန် အင်အားအဖြစ် ရပ်တည်ဆောင်ရွက်လာတာ ယခုဆိုရင် နှစ်ပေါင်း (၉၄) နှစ်ကျော် ရှိပြီးဖြစ်တဲ့ သမိုင်းအစဉ်အလာ ကြီးမားတဲ့ လူမှုကရုဏာ အသင်းကြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီညီလာခံမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက် နေသည်နှင့်အညီ ကြက်ခြေနီလှုပ်ရှားမှုကြီး၏ မူဝါဒနှင့် ပတ်သက် ၍လည်းကောင်း၊ ဥပဒေပြုရေးနှင့် ပတ်သက်၍လည်းကောင်း၊ စဉ်ဆက်မပြတ် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကြက်ခြေနီအသင်းအဖွဲ့အနေဖြင့် နိုင်ငံ့အကျိုးပြုလုပ်ငန်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာမှာ အမျိုးသားရေးဝိသေသ ထူးခြားချက်များနှင့် ဆီလျော် ညီညွတ်တဲ့ပြည်သူများရဲ့ ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် လူသားချင်း စာနာထောက်ထား၍ လူမျိုး ခွဲခြားမှုမရှိဘဲ လူမှုဂရုဏာလုပ်ငန်းများအား ဆထက်တပိုးထမ်းဆောင်ပေးကြရန် မှာကြားလိုပါကြောင်းနှင့် နိုင်ငံအတွင်း၊ ပြည်နယ်အတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံးရဲ့ လူမှုရေးလိုအပ်ချက်တွေကို ကူညီဖြည့် တင်းပေးနိုင်တဲ့ အသင်းဝင်၊ တပ်ဖွဲ့ဝင်များ ဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌမှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနား သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွှန့် မှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက မွန်ပြည်နယ်အတွင်း ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲများဖြစ်ကြသည့် အမျိုးသား၊ အမျိုးသမီး တစ်ဥိီးချင်း ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲများပွဲဆုရရှိခဲ့ကြသည့် ကြက်ခြေနီ မောင်၊ မယ်လေးများကို ဂုဏ်ပြုဆုများအသီးအသီးချီးမြှင့်ခဲ့ကြကာ အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်း (ငရုတ်သီးမှုန့်လုပ်ငန်း) မိသားစုမှ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးအတွက် လှူဒါန်းပေးအပ်မှုအပေါ် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ကြက်ခြေနီ မောင်၊ မယ်များကို ရင်းရင်းနှီးအားပေးနှုတ်ဆက်ခဲ့သည်။
ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဟုန်စံစီ ဘုံကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ရှေးဦးစွာ မွန်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း နာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘီးလင်းမြို့နယ််၊ ကြမ်ဖန်ကျောင်းတိုက်တော်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် ဘန္ဒန္တမဟိဿရမှ ဩဝါဒဂါတထာ မိန့်ကြာခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သည် ကရင်လူမျိုးများ၏ မွန်မြတ်၍ တန်ဖိုးရှိသော ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခု ဖြစ်ပြီး ကရင်လူမျိုးတို့ နှင့်အတူ ဘိုးစဉ်ဘောင်ဆက် ပါရှိလာသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့ ထုံးတမ်း တစ်ခုလည်း ဖြစ်ပါကြောင်း၊ ကရင်လူမျိုးတို့ရဲ့ ဘဝဓလေ့နှင့်ကိုက်ညီစစ်မှန်သည့် ကရင် ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရန်၊ ကရင်အမျိုးသားတို့၏ ယဉ်ကျေးမှုကို မြတ်နိုးပြီး ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်လိုသော အသိစိတ်ဓါတ်များ ကိန်းအောင်းရှင်သန်စေရန်နှင့် ကရင်လူမျိုး အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်း ဖြစ်သည့်အတွက်လည်း အင်မတန်မှ မွန်မြတ်လှသလို ဝါခေါင်လ ချည်ဖြူဖွဲ့ခြင်း၌ ချည်ဖြူဖွဲ့ရာတွင် အဓိက ပစ္စည်း (၉)မျိုး ပါဝင်ပြီး ၎င်းတို့မှာ ဆန်ကော၊ ယောက်မ၊ ထမင်းဆုပ်၊ ကောက်ညှင်းဖင်ချွန်၊ ငှက်ပျောသီး၊ နတ်ပန်းညို၊ ကြံပိုင်း၊ ရေနှင့် ချည်ဖြူ တို့ဖြစ်ကြောင်း သိရှိရပါကြောင်း၊ ကရင်အမျိုးသားအချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲစေပြီး မျိုးဆက်သစ်လူငယ်များမှ မိမိတို့၏ မိဘဆွေမျိုးများ၏ သွန်သင်ဆုံးမစကားများကို နာခံနိုင်ရေးနှင့် အနာဂတ်ခေါင်းဆောင် ကောင်းများ ဖြစ်လာစေရေး လုပ်ဆောင်ပေးကြပါရန်နှင့် ကရင်လူမျိုးတို့၏ ရိုးရာ ယဉ်ကျေးမှုဖြစ်သော ချည်ဖြူဖွဲ့၍ ကရင်ရိုးရာဓလေ့ကို အစဉ်အလာမပျက် ဆက်လက် ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း အလှူငွေကျပ် သိန်း (၂၀၀) အား ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ စောအောင်ကျော်သိန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ကရင်တိုင်းသား ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြမှု ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးတို့က ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များကာ ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ကြကာ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ပါဝင်ဆင်နွှဲခဲ့ကြသည်။