
မော်လမြိုင် စက်တင်ဘာ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ကျိုက်မရောမြို့ ဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး ဒေသခံ ကရင်တိုင်းရင်းသားလူမျိုးများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ရှေးဦးစွာ ဘုရားကြီး ကျောင်းတိုက် ပဓာန နာယက ဆရာတော် နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် သဒ္ဓမ္မ ဇောတိက ဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါရိန္ဒ အရှင်သူမြတ်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားပြီး ဆရာတော်ကြီးမှ သြဝါဒ ဂါထာ မြွက်ကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တာဝန်ရှိသူများသည် ကျိုက်မရော ဆုတောင်းပြည့်ဘုရားကြီးအား ဖူးမြှော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်၍ ဘုရားကြီးအား ရွှေဆိုင်းတော်များ ကပ်လှူခဲ့သည်။
ဆက်လက်ပြီး ကျိုက်မရော ဆုတောင်းပြည့်ဘုရားကြီး၏ တာဝန်ရှိသူတစ်ဦးမှ ဘုရားကြီးသမိုင်း အကြောင်းအရာများ ရှင်းလင်းတင်ပြခဲ့ပြီး ဘုရားကြီးပရိဝုဏ်အတွင်း သမိုင်းဝင်ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီပုထိုးများ၊ ရှေးဟောင်းကျောက်စာများ၊ သမိုင်းဝင် ရှေးဟောင်း သာသနိကအဆောက်အဦများနှင့် ရှေးဟောင်းနံရံ ဆေးရေး ပန်းချီများအား လှည့်လည်ကြည့်ရှု လေ့လာခဲ့သည်။
အဲဒီကမှတဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ် တော်မူသည့် သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး သမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့ကြသည်။
အဲဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် နှင့် တာဝန်ရှိသူများသည် စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဖူးမြှော်ကြည်ညိုသည်။
ရှေးဉီးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ ၊ ပန်းဘဲတန်းရပ်ကွက်၊ တောင်ပေါ်မဟာရင်ကျောင်းတိုက်ကြီး၏ဦးစီးပဓာနနာယက၊ ပြည်နယ်သံဃနာယကအဖွဲ့ (မဟာရင်)၊ ဥက္ကဋ္ဌ ဆရာတော် (အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တဇာဂရ အရှင်သူမြတ် ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်သံဃာတော်အရှင်သူမြတ်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မော်လမြိုင်မြို့ ၊ ဈေးကြိုရပ်ကွက်၊ မဟာသုခိတာရုံ စာသင်တိုက်ကြီး၏ ဦးစီး ပဓာနနာယက၊ ပြည်နယ်သံဃနာယကအဖွဲ့ (ရွှေကျင်)၊ ဥက္ကဋ္ဌဆရာတော် (မဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တ ကောလိယထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေးစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင် နှင့် တာဝန်ရှိသူများသည် ကျိုက်သလ္လံစေတီတော်မြတ်ကြီး ၀တ်အသီးသီးတို့မှ ဗုဒ္ဓရုပ်ပွါးတော်များ ၊ မြေထိန်းနံရံတံတိုင်းပေါ်ရှိမြန်မာမှုစိန်တောင်များ၊ ဘုရားတန်ဆောင်များ၊ ရှေးဟောင်း သာသနိကအဆောက်အဦများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။



