
မော်လမြိုင်၊ စက်တင်ဘာ ၁၄
မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်း၀င်ဆံတော်ရှင် ကျိုက်သုတ် စေတီတော်မြတ်ကြီး၌ အစဉ်အလာ မပျက် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ ကျော်မှစတင်၍ ဆေးပဌာန်းပူဇော်ပွဲကို နှစ်စဉ် ကျင်းပ ပြုလုပ်ခဲ့ရာ (၁၃၈) ကြိမ်မြောက် ဆေးပဌာန်းလှူဒါန်းပွဲ အလှူတော် မင်္ဂလာ အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းက စေတီတော်မြတ်ကြီး၏ ဓမ္မာရုံတော်အတွင်း၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် ၀န်ကြီးများ၊ တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် ပြည်နယ် ၀န်ကြီးများက သမိုင်း၀င်ဆံတော်ရှင် ကျိုက်သုတ် စေတီတော်မြတ်ကြီးကို ဖူးမြှော်ကြည်ညို၍ ပန်း ၊ ဆီမီး၊ ရေချမ်း တို့အား ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည်။
ထို့နောက် (၁၃၈ ) ကြိမ်မြောက် ဆေးပဌာန်း လှူဒါန်းပွဲ အလှူတော် မင်္ဂလာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် တက်ရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့က မော်လမြိုင်မြို့၊ ဩဝါဒ စရိယ ရွှေတောင်ကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ ဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တ ဝိမလ ထံမှ ရှစ်ပါးသီလ ခံယူဆောက် တည်ခဲ့ကြကာ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များမှ ပဌာန်း ဒေသနာ တော်များ ရွတ်ဆိုပူဇော်ခဲ့ ကြသည်။
ထိုနောက် ဆံတော်ရှင်ကျိုက်သုတ် စေတီတော် ဘဏ္ဍာထိန်း ဂေါပက ဥက္ကဌ ဦးအောင်ကျော်ဦးက ဆေးပဌာန်းလှူဒါန်း ရခြင်း အကြောင်းနှင့် ဆေးလှူဒါန်းသော အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကြွရောက်လာသော ဆရာတော် သံဃာတော်များထံ ကျန်းမာရေးအတွက် တိုင်းရင်းဆေးနှင့် နိုင်ငံခြားဆေးများကို “အာယုဒါန” ဆေးပစ္စည်းအလှူများနှင့် အလှူတော်ငွေ များ ကို ပြည်နယ်အစိုးရ အဖွဲ့၀င် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရ အဖွဲ့၀င် ၀န်ကြီးများ ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် အလှူရှင်များက ဆက်ကပ် လှူဒါန်းခဲ့ ကြသည်။
ဆက်လက်ပြီးဆံတော်ရှင် ကျိုက်သုတ်စေတီတော် ဘဏ္ဍာထိန်းဂေါပက အဖွဲ့၏ ဩဝါဒစရိယ၊ ဝေဇယန္တာကျောင်း ဆရာတော်ဘုရားထံမှ (၁၃၈) ကြိမ်မြောက် ဆေးပဌာန်းလှူဒါန်းပွဲတွင် လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနားယူပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား ရုတ်သိမ်းခဲ့သည်။
အဆိုပါ (၁၃၈ ) ကြိမ်မြောက် ဆေး ပဌာန်းလှူဒါန်းပွဲကို မွန်ပြည်နယ် (၁၀) မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း(၁၀၀)တွင် သီတင်းသုံးတော် မူသော ဆရာတော် သံဃာတော် အပါး (၈၀၀၀ )ကျော်တို့အား ဆေးဝါး နှင့် ၀တ္ထုငွေ စုစုပေါင်း ကျပ်သိန်း (၈၀၀)ခန့်ကို “သက်ရှည်ကျန်းမာ ဘေးရန်ကွာ ချမ်းသာဆင်းလှ ခြံရံလျက် ဗလအား သည်း ပညာကြီး၍ ပစ္စည်းခိုင်မြဲ မကွဲ ချစ်သူ ကျိုးဆယ်ဆူမှာ ဆေးလှူသူတို့ ရဖို့တည်း” ဟူသော အကျိုးဌာ စေတနာ ရှင် သဒ္ဓါကြည်လင် ပါရမီရှင် များက သဒ္ဓါထက်သန်စွာ ပါ၀င် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။



