
မော်လမြိုင်၊ အောက်တိုဘာ ၂၇
မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ဦးသာညှင်းဓမ္မာရုံ(၂)ထပ် အဆောင်အဦသည် အောက်တိုဘာလ ၂၅ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့မှုအပေါ် ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများ၊ မီးလောင်ကျွမ်းသည့်ကျောင်း ဆောင်အဆောက်အဦအတွင်း အပျက်အစီးများဖယ်ရှားခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေရာအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ဦးသာညှင်းဓမ္မာရုံ(၂)ထပ် အဆောင်အဦ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးမှုအခြေအနေများနှင့် အပျက်အစီးများရှင်းလင်းပြီးစီးနေမှုအခြေများ အားလည်းကောင်း၊ ကျောင််းဆောင်သစ်ပြန်လည်တည်ဆောင်နိုင်ရေး အခြေအနေများ အားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်အဆောက်အဦအား ပြန်လည်ပြုပြင်တည်ဆောက်ရန် (သို့မဟုတ်)အသစ်ပြန်လည်တည်ဆောက်နိုင်ရေး သက်ဆိုင်ရာ ဌာနများ၊ အင်ဂျင်နီယာများနှင့် တည်ဆောက်ရေးကော်မတီများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်၊ ကျောင်းသူ၊ ကျောင်းသားများ အရှိန်အဟုန်မပျက် ပညာဆက်လက်သင်ကြားရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းအတွင်း အသစ်တည်ဆောက်လျက်ရှိသော အလျား ၁၀၀ပေ၊ အနံ၃၀ပေ R.C.C (၃ )ထပ်အဆောက်အဦသစ် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိ၍ ဆောက်လုပ်ရေးလုပ်ငန်းတာဝန်ရှိသူမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းကိုက်ညီစေရေး စေတနာထား ဆောက်လုပ်ပေးကြရန်နှင့် တာဝန်ရှိသူများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။





