
မော်လမြိုင်၊ အောက်တိုဘာ ၂၈
မွန်ပြည်နယ်အတွင်း ဆေးရုံများအတွင်း သန့်ရှင်းသာယာလှပပြီး အများပြည်သူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဆေးဝါးကုသမှုခံယူနိုင်စေရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ဆေးရုံ ပုရဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အဆောက်အဦနှင့် လျှပ်စစ်ဓါတ်အားပေးတိုင်များနှင့် မလွတ်ကင်းသည့် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းဖြင့် ဆေးရုံအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး သန့်ရှင်းသာယာလှပမှုရှိစေရန်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်ကြားခဲ့သည်။
မွန်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများအား သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ဥပတိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပ၍စိမ်းလန်းစိုပြေစေရေး အလေးထားဆောင်ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဆောင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များအား ဖြည်းဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ မြို့နယ်အသီးသီးရှိ အခြေပညာစာသင်ကျောင်းများတွင်လည်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းက ချောင်းဆုံမြို့နယ် ဖံဖကျေးရွာသို့ သွားရောက်ပြီး ဖံဖတိုက်ကျောင်းတွင် အသစ်ဆောက်လုပ်လှူဒါန်းထားသည့် ယောဂီများနားနေဆောင်နှင့် ဆက်စပ်အဆောက်အဦ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဖံဖတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တသုစိတ္တသာရ အရှင်သူမြတ်ထံ လှူဖွယ်ပစ္စည်းများနှင့် ကပ်လှူခဲ့ကြပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး အနုမောဒနာ တရားနာယူကြည်ညိုခဲ့ကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ ချောင်းဆုံမြို့နယ်၊ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ချောင်းဆုံမြို့၊ မဟာကန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များမှ ချောင်းဆုံမြို့နယ်၊ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်လှော်ခတ်မှုနှင့် ရေကူးအလှပြခြင်း ကာယစွမ်းရည်ပြသခဲ့မှုတို့အပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲတွေကို တိမ်ကောပပျောက်မသွား အောင်ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ ရိုးရာလှေလှော်အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါကြောင်း၊ ချောင်းဆုံမြို့နယ် လှေလှော်ပြိုင်ပွဲ
ကို အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး ပြိုင်ပွဲကျင်းပစဉ်ကာလအတွင်း ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ယှဉ်ပြိုင်ခဲ့ ကြတဲ့ ပြိုင်ပွဲဝင်အားကစားသမားများ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျဝင်ရောက်ယှဉ်ပြိုင်ပေးခဲ့ကြသည့်အတွက် အထူးပင် ဂုဏ်ယူမိပါကြောင်း၊ ချောင်းဆုံမြို့နယ်ရဲ့ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဟာ ချောင်းဆုံမြို့နယ်တစ်မြို့နယ်လုံးရဲ့ ရိုးရာအစဉ်အလာပွဲ ဖြစ်တဲ့အတွက်ကြောင့် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ချောင်းဆုံမြို့နယ်ရဲ့ ဂုဏ်ကိုမြှင့်တင်သည့် ရိုးရာလှေလှော်ပြိုင်ပွဲဖြစ်သည်နှင့် အညီ ရိုးရာအားကစားနည်းကို အမြတ်တနိုးတန်ဖိုးထား လေးစားလိုက်နာစေလိုကြောင်း၊ ပြိုင်ပွဲဝင်အသင်း များလည်း နောင်နှစ်များတွင်လည်း ယခုနှစ်ထက် ပိုမိုပါဝင်ယှဉ်ပြိုင်ကြရန် တိုက်တွန်းလိုပါကြောင်းနှင့် လှေလှော်အားကစားနည်း၏ အနှစ်သာရကို ပေါ်လွင်ထင်ဟပ်စေရန်အတွက် မိမိတို့၏ စုပေါင်းစွမ်းအားတို့ဖြင့် တက်ညီလက်ညီ အစွမ်းကုန်ဆက်လက်ကြိုးစားယှဥ်ပြိုင်သွားကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
အဲဒီနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ရေကူးအလှပြခြင်း ကာယစွမ်းရည်ပြသခဲ့ကြသည့် ရေကူးအားကစားသမားများအား ဂုဏ်််ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ ချောင်းဆုံမြို့နယ်၊ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ (၁) တက်လှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု၊ တတိယဆု၊ ဒုတိယဆု ရရှိသည့် ပြိုင်ပွဲဝင်လှေလှော်အသင်းများအား ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် အမှတ်တရလက်ဆောင်များအား လည်းကောင်း၊ ပထမဆုရရှိသည့် ပြိုင်ပွဲဝင်လှေလှော်အသင်းအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ ငွေသားဆု၊ ဆုကလပ်နှင့် လက်ဆောင်များအား လည်းကောင်း၊ (၃) တက်လှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု၊ တတိယဆု၊ ဒုတိယဆု ရရှိသည့် ပြိုင်ပွဲဝင်လှေလှော်အသင်းများအား ပြည်နယ်ဝန်ကြီးများမှ တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် အမှတ်တရလက်ဆောင်များအား လည်းကောင်း၊ ပထမဆုရရှိသည့် ပြိုင်ပွဲဝင်လှေလှော်အသင်းအား ပြည်နယ်ဝန်ကြီးချုပ်က တစ်ဦးချင်းဆု၊ ငွေသားဆု၊ အမှတ်တရလက်ဆောင်များနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြင့်ခဲ့ကာ ပြိုင်ပွဲဝင်လှေလှော်အသင်းများ ကိုယ်စား ပြိုင်ပွဲဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။















