

မော်လမြိုင်၊ အောက်တိုဘာ ၂၉
သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာအခါတော်နေ့) အခါသမယမှာ မွန်ပြည်နယ်အတွင်း အထင်ကရတန်ခိုးကြီး ဘုရား၊ စေတီများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကုသိုလ်ယူကြသူများ၊ မြို့နယ်အသီးသီးတွင် ပျော်ပွဲရွှင်ပွဲများ၊ စတုဒိတာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိရာ အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများသည် ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီး ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်ပြီး သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ် ဘုရားကြီး သာသနာ့ဗိမာန်တော်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ကျိုက္ခမီမြို့ အဘိဓမ္မာအသင်းမှ မျှော်ချင့်ပဏ္ဏ ကန်တော့လွှာဖြင့် ရွတ်ဆိုပူဇော်ခြင်း၊ အေးရိပ်သာ မန္တလေး ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်ထံ မေတ္တာသုတ်ပရိတ်တော်များ နာယူကြည်ညိုခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုအတွက် အလယ်ကျောင်းတိုက်၏ ဦးစီးပဓါန နာယက ဖြစ်တော်မူသော ဆရာတော် ဘဒ္ဒန္တ နန္ဒသာရ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ နိုင်ငံတော် ဩဝါဒစရိယမှ သာဓုအနုမောဒနာ တရားအနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မွန်ပြည်နယ်အတွင်း တန်ခိုးကြီးဘုရား၊ စေတီများဖြစ်ကြသည့် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီး၊ ကျိုက်သလံစေတီတော်မြတ်၊ ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ် ဘုရားကြီး အစရှိသည့် ဘုရား၊ စေတီ၊ ပုထိုးများတွင် ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရား ပွားများ နာယူလျက်ရှိသလို မြို့ရွာအလိုက် ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပခြင်း၊ ရောင်စုံအလှမီးပုန်းများ ထွန်းညှိပူဇော်ခြင်း၊ မီးရူးမီးပန်းများ တို့ဖြင့် ပျှော်ရွှင်စွာ ဆင်ယဉ်ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်၊ မုဒုံမြို့နယ်၊ (၁၄၉)ကြိမ်မြောက်၊ ကန်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို မွန်းလွဲပိုင်းက မုဒုံမြို့၊ ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးတို့က (၁၄၉)ကြိမ်မြောက်၊ ကန်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်လှော်ခတ်မှုနှင့် ရေကူးအလှပြခြင်း ကာယစွမ်းရည်ပြသခဲ့မှုတို့အပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရေကူးအလှပြခြင်း ကာယစွမ်းရည်ပြသခဲ့ကြသည့် ရေကူးအားကစားသမားများအား ဂုဏ်််ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ မုဒုံမြို့နယ်၊ (၁၄၉)ကြိမ်မြောက်၊ ကန်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင်လှေလှော်အသင်းအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်မှ အသင်းလိုက်ငွေသားဆုအား လည်းကောင်း၊ တတိယဆုရရှိသည့် ပြိုင်ပွဲဝင်လှေလှော်အသင်းအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးမှ တစ်ဦးချင်းဆု၊ အသင်းလိုက်ငွေသားဆုများ အားလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပြိုင်ပွဲဝင်လှေလှော်အသင်းအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းမှ တစ်ဦးချင်းဆု၊ အသင်းလိုက်ငွေသားဆုများ အားလည်းကောင်း အသီးသီးချီးမြှင့် ခဲ့ကြသည်။
အဲဒီနောက် ပထမဆုရရှိသည့် ပြိုင်ပွဲဝင်လှေလှော်အသင်းအား ပြည်နယ်ဝန်ကြီးချုပ်က တစ်ဦးချင်းဆု၊ အသင်းလိုက်ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြင့်ခဲ့ကာ ပြိုင်ပွဲဝင်လှေလှော်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။



















