
မော်လမြိုင်၊ အောက်တိုဘာ ၃၀
မော်လမြိုင်မြို့၊ ဓမ္မဝိဟာရီကျောင်းတိုက်တော်ကြီး၏ ကထိန်လျှာမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာ အခမ်းအနားကို အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဓမ္မဝိဟာရီကျောင်းတိုက်တော်၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများတက်ရောက်၍ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဝေပုလ္လာရာမကျောင်း ဦးစီးပဓာနနာယက ဆရာတော်ဘုရားကြီးထံမှ ကထိန်အနုမောဒနာတရားနာယူ ကြည်ညိုခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များထံ ကထိန်လျာမြတ်သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မွန်ပြည်နယ်တွင် သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာအခါတော်နေ့) ကိုအကြောင်းပြု၍ အဘိဓမ္မာ( ၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို လှည့်လည် ဖူးမြော်ကြည်ညိုခဲ့သည်။
အဲဒီနောက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၊ အဘိဓမ္မာ( ၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၊ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက် သြဝါဒါစရိယ ၊ ဦးစီးပဓာန နာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သဒ္ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝါရိန္ဒ ဆရာတော်ဘုရားကြီးထံမှ သီလတော်မြတ်များနှင့် တရားဒေသနာတော်များ နာယူကြည်ညိုခဲ့ကြပြီး ပြည််နယ်ဝန်ကြီးချုပ်က ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။












