မော်လမြိုင်မြို့ နာဂဝီသတောင်တန်းတွင် တည်ထားကိုးကွယ်တော်မူသည့် ဣစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်း သစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် အသံမစဲ မဟာပဌာန်းကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲ အလှူတော်အစုစုရေစက်ချ မင်္ဂလာအခမ်းအနားကိုယနေ့ နံနက်ပိုင်းက အဆိုပါဣစ္ဆာသယ သိဒ္ဓိရှင်လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ဦးစွာပြည်နယ်ဝန်ကြီးချုပ် နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ၊အလှူရှင်များက ဘုရား အမှူးပြုသောပင့်သံဃာ ၁၀၁ပါးတို့အား ဆွမ်းခြောက်များလောင်းလှူ ကြသည်။ထို့နောက်ဝတ်တော်ကြီးအတွင်း၌ အလှူတော်အစုစု တို့အတွက်ရေစက်ချမင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်း တို့က အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် ဝိနယပါဠိပါရဂူ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါး သီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ပြည်နယ် ဝန်ကြီးများနှင့် အလှူရှင် များက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္တုငွေများ ဆက်ကပ် လှူဒါန်းကြကာ မြစေတီ စာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် ဝိနယ ပါဠိပါရဂူ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ရေစက်ချအနုမောဒနာ တရားနာယူကာ” ဗုဒ္ဓသာသနံ စိရံတိဌတု ” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားရုတ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် ကြွရောက်တော်မူလာကြ ကုန်သောဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်မိသားစုတို့က နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်းသိရသည်။






