မော်လမြိုင် ၊ဒီဇင်ဘာ ၂၇
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကညှော် ကျေးရွာ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ကော့ရွဲစေတီတော်မြတ် ရတနာစိန်ဖူးတော် နှင့် ငှက်မြတ်နားတော်တင် လှူပူဇော်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချမင်္ဂလာ အခမ်းအနား သို့တက်ရောက်သည်။
ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ကော့ရွဲစေတီတော်မြတ် ကမ္ဗည်း မော်ကွန်းကျောက်စာအား မြစေတီ စာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် ဝိနယ ပါဠိပါရဂူ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ ကညော်တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တပညာဇောတိ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ခဲ့ကြသည်။
ထို့နောက် အလှူတော် မင်္ဂလာမဏ္ဍပ်၌ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး မြစေတီ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် မြစေတီဝံသာဓိပတိ အဂ္ဂမဟာ ပဏ္ဍိတ မြဆရာတော်ကြီးထံ ငါးပါးသီလခံယူဆောက်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွား သရဇ္ဈာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့၀င် ဝန်ကြီးများနှင့် အလှူရှင်မိသားစုတို့က ကျိုက်ကော့ရွဲစေတီတော်မြတ်ကြီး တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်း များအား ဆရာတော်များထံ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် မြစေတီစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် မြစေတီဝံသာဓိပတိ အဂ္ဂမဟာပဏ္ဍိတ မြဆရာတော်ကြီး၊ ကညှော်တိုက်ကျောင်းဆရာတော်ကြီး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ကမ္ဘာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ပါရဂူ ကျိုက်ထီးဆောင်း ဒုတိယဒီပ ဆရာတော်ကြီးများက ဩဝါဒကထာမိန့်ကြားခြင်းနှင့် ဗုဒ္ဓါသောပနဿ ပီတိဝမ်းမြောက် စကား ပြောကြားကာ၊ မြစေတီစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် မြစေတီ ဝံသာဓိပတိ အဂ္ဂမဟာ ပဏ္ဍိတ မြဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ စေတီတော်ပေါ်သို့ တင်လှူပူဇော်မည့် ဆည်းလည်းတော်များ၊ ငှက်မြတ် နားတော်နှင့် ရတနာစိန်ဖူးတော်တို့အား စေတီတော်၏ လက်ယာရစ်သုံးပတ်လှည့်လည် ပင့်ဆောင်ပူဇော်၍ မင်္ဂလာအချိန်တွင် ပန်းရထားဖြင့် စေတီတော်မြတ်ကြီးပေါ်သို့ ပင့်ဆောင် ခဲ့ပြီး ဆရာတော်ကြီးများမှ ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြပြီး အမွှေးနံသာရည်များ ပက်ဖြန်းကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပြီး တက်ရောက် လာသော ဧည့်ပရိသတ်များအား စတုဒိတာဖြင့် ကျွေးမွေးဧည့်ခံ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် YMBA ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို)မှ ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာ တရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ကျောင်းသား/သူ၊ လူငယ်လူရွယ်များ ဘာသာတရား ကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာစေရန်၊ လူငယ်များတွင် တိုင်းရင်းသားအချင်းချင်း ရိုင်းပင်း ကူညီသည့်စိတ်၊ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းသည့်စိတ်၊အမျိုးအနွယ်ကို စောင့်ထိန်း သည့်စိတ်ဖြင့်အမျိုး၊ဘာသာ၊သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်) ကျောင်းတို့၌ ကျောင်းသား/ကျောင်းသူများ၏ (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုနေ မှုကို ကြည့်ရှု့အားပေးကြသည်။
အဆိုပါ YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)မှ ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို မွန်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများရှိ စာစစ်ဌာန(၅၇)ခုတို့၌ ပထမအဆင့် (၆၅၆၉)ဦး၊ ဒုတိယအဆင့်(၄၄၇)ဦး၊ တတိယအဆင့်(၁၀၃)ဉီး၊ စုစုပေါင်း(၇၁၁၉)ဦး ဝင်ရောက်ဖြေဆို ကြကြောင်း၊ YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)မှ ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ သြဝါဒဆရာတော်ကြီးများ၊ အသင်းနာယကများ၊ အလုပ်အမှုဆောင်များ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များက ဝိုင်းဝန်းကူညီကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။





