မော်လမြိုင်၊ ဒီဇင်ဘာ ၃၀
လူထုအားကစားလှုပ်ရှား ဆောင်ရွက်မှုတွင် ငွေကုန်ကျမှု အနည်းဆုံးဖြစ်ပြီး အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှား အားကစားဖြစ်သည့်စုပေါင်း လမ်းလျှောက်ခြင်းသည် အထောက်အကူပြုပစ္စည်းများ မပါဝင်သော အားကစား လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်နှင့်အညီ ဒီဇင်ဘာ ၃၀ရက်နေ့နံနက်ပိုင်းကဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွား သင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်) ၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား(၁၃၀၀)ကျော်သည် မော်လမြိုင်မြို့ ရာမညအားကစားကွင်းအတွင်း တပျော်တပါး စုပေါင်း လမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် ကျန်းမာရေးကို လိုက်စားသည့် အများပြည်သူများသည် ရာအညအားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်း အတွဲအမှတ်(၁)နှင့် အတွဲ အမှတ်(၂)၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ၊ Fitness Dance အကတို့ဖြင့် အတူတကွ စုပေါင်း ပါဝင်ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ၂၀၂၄ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၏ အမျိုးသား၊အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အမျိုးသားအမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)အပြေးပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများ အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပျော်ပွဲရွှင်ပွဲ အစီအစဉ်အနေဖြင့် အမှတ်တရဆုမဲများ ဖောက်ပေးခဲ့ကြကာ ဆုရရှိသူများကိုတာဝန်ရှိသူများက ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။






