မော်လမြိုင် ဇန်နဝါရီ ၁
နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ဌားစရိတ်နှင့် ဝတ်စုံစရိတ်ကို နိုင်ငံတော်မှထောက်ပံ့ပေးလျက် ရှိသော်လည်း ပညာသင်ကြားပေးသည့် ဆရာ၊ ဆရာမ၏ နေထိုင်စားသောက်ရေးအား တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးရန် လမ်းညွှန်မှုနှင့်အညီ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပြည်သူများအတွက် စားသောက်ကုန်စည်များကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ငါး၊ကြက်ဥ၊ ဟင်းသီးဟင်းရွက် များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးခြင်းကို ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်အတွင်း၌ ရောင်းချပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှု အားပေးခဲ့သည်။
ထို့နောက် အဆိုပါ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို မော်လမြိုင် ပညာရေးဒီဂရီကောလိပ်နှင့် နည်းပညာ တက္ကသိုလ်(မော်လမြိုင်)တို့တွင် ပါမောက္ခချုပ်နှင့် ဆရာ/ ဆရာမ များ၊ ဝန်ထမ်းများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးကာ ပြည်နယ် ဝန်ကြီးချုပ်က အခြေခံ စားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ် အောင်ဆောင်ရွက်ကာ ကုန်ထုတ်လုပ်သူများ အနေဖြင့်လည်း အများပြည်သူများအတွက် အဖြစ်သင့် ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးရန်လိုပါကြောင်း၊၊ ပြည်နယ်အတွင်းထွက်ရှိသော ဆန်၊ ငါး၊ ပုစွန်၊ ကြက်သား၊ ကြက်ဥများကို Supply and Demand မျှတအောင် သုံးစွဲရေး၊ ဈေးနှုန်းသင့်တင့်ရေး၊ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ပြောကြားပြီး လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နည်းပညာတက္ကသိုယ်ဝင်းအတွင်းရှိ ရွှေဇီဝစက်ရုံသို့ ရောက်ရှိရာ ဇီဝနည်းပညာဦးစီးဌာန တာဝန်ရှိသူက မြေသြဇာထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့်ပက်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဇီဝမြေသြဇာသည် မြေဆီ၊ မြေနှစ် အထွက်နှုန်း ပိုမိုကောင်းမွန် စေေကြာင်း၊ ဒေသနှင့်ကိုက်ညီသည့် ဇီဝမြေသြဇာကို အရည်အသွေးကောင်းမွန်စွာဖြင့် အဆင့်မြင့် မြေဩဇာ အတောင့်များ ထုတ်လုပ်ပြီး၊ တောင်သူများစျေးနှန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်ရန်လိုကြောင်း ပြောကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများအား စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနေမှုများကို ရေးမြို့နယ် ၊ ဟံဂံကျေးရွာအုပ်စု ၊ ဟံဂံကျေးရွာရှိ ဟံဂံစက်မှု ၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း၊ ဟံဂံအခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ သထုံမြို့နယ် ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ လည်းကောင်း စားသောက်ကုန်များကို သတ်မှတ် ထားသည့် သက်သာသောစျေးနှုန်းတို့ဖြင့် ရောင်းချပေးလျက် ရှိကြောင်း၊ တက္ကသိုလ်ကောလိပ်နှင့် စိုက်ပျိုး၊ မွေးမြူရေး၊ အထက်တန်းကျောင်းများသို့ တစ်လလျှင် (၂)ကြိမ်ခန့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။



