မော်လမြိုင် ဇန်နဝါရီ ၃
မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၃ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဝင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်သည်။
အစည်းအဝေးတွင် မွန်ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ နာယက၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ ခုနှစ်၊ ပထမ(၅)နှစ်စီမံချက်ပါ တိုင်းဒေသကြီး/ ပြည်နယ် (၁၅)ခုအနက် ကနဦးစီမံချက် နယ်မြေများ ဖြစ်သော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဦးစားပေးနယ်ပယ် (၂)ခုဖြစ်သည့် စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးကဏ္ဍတို့တွင် / ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေး ပထမကာလတို(၅)နှစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေမှုဆိုသည့် စိန်ခေါ်မှုများတွင် ကလေးအလုပ်သမားအရေးကိစ္စသည်လည်း တစ်ခုအပါအဝင် ဖြစ်တာကြောင့် အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် ကလေးအလုပ်သမားများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ပညာရေးတွင် ရင်းနှီး မြှုပ်နှံခြင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ရရှိမှု မြှင့်တင်ပေးခြင်း၊ လူငယ်များအလုပ်အကိုင်ရရှိရေး အလေးထားဆောင်ရွက်ပေးခြင်း၊ ဘေးကင်းသည့် ရွှေ့ပြောင်းလုပ်ကိုင်ခြင်းတို့နှင့် ပတ်သက်သည့် အရေးကြီးသော မူဝါဒများနှင့် လူမှုစီးပွား ဦးစားပေးမှုများအဖြစ် သတ်မှတ်ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီများအလိုက် အခြားသက်ဆိုင်ရာကော်မတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ်များ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှ သာ နိုင်ငံတော်၏ အနာဂါတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မှာဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေတာကြောင့် အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရဲ့ ရည်မှန်းချက်များကို ထိရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ရလဒ်ကောင်းများရရှိစေဖို့ စိတ်ရှည်သည်းခံပြီး မဆုတ်မနစ် စိတ်ဓါတ်နှင့်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ ကော်မတီအတွင်းရေးမှူးက ကလေးအလုပ်သမားဆိုင်ရာ အခြေခံ ဗဟုသုတပြန့်ပွားရေးအတွက် အသိပညာနှင့်ဗဟုသုတတိုးမြှင့်ပေးခြင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီ ဥပဒေများပြင်ဆင် ရေးဆွဲခြင်း၊ ကလေး အလုပ်သမားပြဿနာအပေါ် ဖြေရှင်းနိုင်ရန် ဌာနဆိုင်ရာ အဖွဲ့အစည်း စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ တာဝန်ဝတ္တရားများသတ်မှတ်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းချမှတ်၍ တိုးတက်မှုကို အကဲဖြတ်ခြင်းဖြင့် ရေရှည်တွင် ကလေး အလုပ်သမား လျော့နည်းပပျောက်စေရေး ကိစ္စရပ်များနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ(၈)ရပ်က လုပ်ငန်းဆောင်ရွက်မှု၊ တွေ့ကြုံရသည့် အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ (၈)ရပ်၏အတွင်းရေးမှူးတို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များအား ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရ သည်။



