မော်လမြိုင် ဇန်နဝါရီ ၄
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောရဝတီပန်းခြံတွင် နံနက်၄နာရီ ၂၀မိနစ်ကကျင်းပခဲ့ ရာ ရှေ့ဦးစွာ နိုင်ငံတော်အလံတင်အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ဘင်ခရာအဖွဲ့တို့မှ ကွင်းအတွင်း နေရာယူ၍ ၂ဝ၂၄ခုနှစ် ၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအား လွှင့်ထူခဲ့ပြီး နံနက် ၇ နာရီအချိန်တွင် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းကို ကျင်းပခဲ့ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတို့က ကွင်းအတွင်းသို့ ချီတက်နေရာယူပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ တက်ရောက်ကြသူများက နိုင်ငံတော် အလံအား အလေးပြုခြင်းနှင့်ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ခန်းမတွင်ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ဆု ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ အသက်၊ သွေး၊ ချွေးပေါင်းမြောက်မြားစွာဖြင့် ရယူခဲ့ရသည့် လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်စေလိုကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံတော်အားရရှိပြီးသော လွတ်လပ်ရေးနှင့်အတူ ဒီမိုကရေစီဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြရာတွင် သက်ဆိုင် သူအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ နိုင်ငံရေး ရင့်ကျက်မှု၊ စည်းလုံးညီညွတ်မှုသည် အခြေခံအကျဆုံး ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းဖို့ လိုအပ်ကြောင်း၊ တိုင်းပြည်နှင့်အနာဂတ်အတွက် ပညာပြည့်ဝနှလုံးလှသော နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးမှုကို တည်ဆောက်သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ဆုရရှိသူ ၁၆၉ ဦးတို့အား ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
(၂၀၂၄)ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် ၊ ထုပ်ဆီးတိုး ၊ လွန်ဆွဲ
အားကစားပြိုင်ပွဲ၊ ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များ တက်ရောက် သည်။
ရှေးဦးစွာ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသားလွန်ဆွဲ ပြိုင်ပွဲအဖြစ် ပြည်နယ်မီးသတ်ဦးစီးဌာန နှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ ၊ထုပ်ဆီးတိုး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိသူများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်းကောင်း လွန်ဆွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။







