မော်လမြိုင် ဇန်နဝါရီ ၆
မွန်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များတွင် မြို့တွင်း၊ မြို့ပြင်ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေး အတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်လေဆိပ်အတွင်း လေဆိပ်ပြေးလမ်းပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု အပေါ် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူ များ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပြည်နယ်/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာ အဖွဲအစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မီးသတ်တပ်ဖွဲဝင်၊ လူမှုရေးအသင်းအဖွဲများ၊ ဒေသခံပြည်သူ များ စုစုပေါင်းအင်အား ၂၇၀ ခန့်သည် မော်လမြိုင်လေဆိပ်အတွင်း လေဆိပ်ပြေးလမ်းပတ်ဝန်းကျင်၌ သစ်ပင် ခြုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူရှင်းလင်း ဆောင်ရွက်နေမှုများကို ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ် ၀န်ကြီးချုပ်က လေဆိပ် ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပစေရေး၊ မီးဘေးလုံခြုံရေးစနစ်တကျ ထားရှိစေရေး၊ လေဆိပ်ဝန်းကျင်အတွင်း ကျူးကျော်များမရှိစေရေးအတွက် စနစ်တကျစီမံဆောင်ရွက်ကြရန် တာ၀န်ရှိသူများအား မှာကြားခဲ့သည်။
မွန်ပြည်နယ်အတွင်းမြို့နယ်အသီးသီးရှိ ရပ်ကွက်၊ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့ အကျိုးပြုစုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်း သာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်း သန့်ရှင်းရေးကို အပတ်စဉ် ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ တာဝန်ရှိ သူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီး သို့ရောက်ရှိကာ ဘဝနတ်နန်းပြောင်းရွှေ့ စံမြန်းတော်မူပြီးဖြစ်သည့် သထုံမြို့ဓမ္မမေဒနီကျောင်းတိုက်၏ စတုတ္ထ မြောက် ဦးစီးပဓာနနာယကဆရာတော်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ပိဋကတ္တယပါရဂူ ဘဒ္ဒန္တဉာဏောသူရိယာဘိဝံသ မဟာထေရ်မြတ်၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညိုသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အန္တိမအဂ္ဂိဈာပန ကျင်းပရေးကော်မတီ နာယကဆရာတော်ကြီးများထံ သွားရောက်ဖူးမြှော်ကန်တော့ကာ အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင် ကျင်းပနိုင်ရေးအတွက် လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်က ဘဝနတ်နန်း ပြောင်းရွှေ့စံလွန်တော်မူခဲ့ရာ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ယခုလ ၁၀ ရက်နေ့၌ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ သံဝေဂပူဇာဓမ္မဗိမာန်တော်၌ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင်ကို ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကျိုက်ထိုမြို့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ရှေးဦးစွာ စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ပြီး ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် မြတ်ကြီးအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ ရင်ပြင်တော်ဓမ္မာရုံ၌ ကျိုက်ထီးရိုးစေတီတော် ဩဝါဒစရိယ ဆရာတော် နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မရမ်းချို ဘေးမဲ့တောရကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တအာစရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အလှုငွေအားပေးအပ်ရာ စေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြှော် နိုင်ရေး၊ ကျိုက်ထီးရိုးဒေသ၏ သဘာဝရေမြေတောတောင် ရှုခင်းများပျက်စီးမှုမရှိစေရေး ဝိုင်းဝန်းထိန်းသိမ်း ပူးပေါင်းဆောင်ရွက်ကြရေး၊ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို တစ်နှစ်တာအတွင်းပိတ်ရက်မရှိ ဖွင့်လှစ် ထားသည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်နိုင်ရေး ဂေါပကအဖွဲ့နှင့် တာဝန်ရှိ သူများအား မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။









