မော်လမြိုင် ဇန်နဝါရီ ၁၇
မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၄ခုနှစ် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ကျောင်းသားအားကစားကွင်း၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာပြိုင်ပွဲဝင်အားကစားသမားများမှကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက (၁၀)မြို့နယ်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးသည့် ရည်ရွယ်ချက်ကတော့ မွန်ပြည်နယ် ဘောလုံးအားကစား တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းအောင်မြင်မှုရရှိစေရန်၊ နိုင်ငံလက်ရွေးစင်ဘောလုံးသမားများ မွန်ပြည်နယ်မှ မွေးထုတ်ပေးနိုင်ရန်စတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတိုင်းမှာ ဘောလုံးအားကစားနည်းကို အားပေးချီးမြှောက်ကြပြီး ဘောလုံးအားကစားသမားတွေ မွေးထုတ်ပေးနေတာကို တွေ့မြင်ရမှာဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေနဲ့လည်း ဘောလုံးအားကစားကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ခံယူပြီး ဆောင်ရွက်နေတာဖြစ်ပြီး ပြည်နယ်/တိုင်း/ခရိုင်/ မြို့နယ်/ရပ်ကွက်/ကျေးရွာပါမကျန် ဖွံ့ဖြိုးတိုးတက်လာပါမှ ဘောလုံး အားကစားအဆင့်အတန်း မြင့်မားလာမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ရှာဖွေလေ့ကျင့်ပေးပြီး ခရိုင်နှင့်မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှတဆင့် ပြည်နယ်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာပြီး မွန်ပြည်နယ်ရဲ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန်အတွက် လူရွေးချယ်ရေး စီမံချက်၊ လေ့ကျင့်ရေး စီမံချက် ၊ အောင်နိုင်ရေး စီမံချက်များ ရေးဆွဲ၍ သက်ဆိုင်ရာ အားကစားဆပ်ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများကလည်း ချမှတ်ထားတဲ့ စည်းမျဉ်း/ စည်းကမ်းဘောင်အတွင်းက ကြိုးစားယှဉ်ပြိုင်သွားကြပါ၊ ပြိုင်ပွဲကို တာဝန်ယူဆောင်ရွက်ကြမယ့် ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းစွာနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးကြပါ ၊ အားပေးကြည့်ရှုကြတဲ့ ပရိသတ်များကလည်း မျှမျှတတ အဆင့်အတန်းမြင့်မြင့် အားပေးကြည့်ရှုကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာ အဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ်ဘောလုံးအသင်းနှင့် ပေါင်မြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၁၆ရက်နေ့မှ ၃၁ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ဇန်နဝါရီ ၁၇ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့်“ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်” ပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား ပြည်နယ်အဆင့် အသိပေး ရှင်းလင်းခြင်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရာက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (Framework Convention on Tobacco Control-FCTC) ကို (၂၀၀၃) ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းပါ ပြဌာန်းချက်များကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၀၆) ခုနှစ်မှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကိုပြဋ္ဌာန်း၍ ဥပဒေပါ ရည်ရွယ်ချက်တစ်ခုဖြစ်သော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း အများပြည်သူတို့ နားလည်သဘောပေါက်ပြီး သုံးစွဲမှုမှ ရှောင်ကြဉ်စေရန်အတွက် လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်ကို (၂၀၂၁) ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ် (၄၅၃/၂၀၂၁)ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး သတ်မှတ်ချက်များနဲ့အညီ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း(၂၁)နိုင်ငံတွင်ဆောင်ရွက်နေပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံပြီးလျှင် မြန်မာနိုင်ငံဟာ တတိယမြောက် အမိန့်စာထုတ်ပြန် ကျင့်သုံးတဲ့ နိုင်ငံဖြစ်ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ပေးအပ်သော ၂၀၂၃ ခုနှစ်၊ ASEAN Smoke Free Award (ASA) ဆုရရှိရေးအတွက် ကျိုက်ထီးရိုးစေတီရင်ပြင်တော်အား လည်းကောင်း၊ ၂၀၂၄ခုနှစ် ASEAN Smoke Free Award (ASA) ဆုရရှိရေးအတွက် ကျိုက်က္ခမီရေလယ်ဘုရား ပရဝုဏ်အား ရွေးချယ်လျာထား၍ ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများ ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသော အမိန့်၊ ကြော်ငြာစာများကို လုပ်ငန်းရှင်များမှ လိုက်နာနိုင်ရေးနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများကြောင့် ပြည်သူလူထု၏ ကျန်းမာရေးထိခိုက်မှု ပြဿနာများ လျှော့ချနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များက တက်ရောက်လာသူများနှင့် မှတ်တမ်းဓာတ်ပုံစုပေါင်းရိုက်ကူးကြသည်။
ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ဆေးလိပ်နှင့်ဆေးရွက် ကြီးထွက်ပစ္စည်းများနှင့်ပက်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဝတ်မှုံမှ မြန်မာနိုင်ငံ၏ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှု အခြေအနေအား ရှင်းလင်း တင်ပြသည်။
ယင်းနောက် မကူးစက်ရောဂါဌာနခွဲမှ လုပ်ငန်းလမ်းညွှန်များ၊ အမိန့်စာပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်များအား ရှင်းလင်းခြင်းကို လည်းကောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက် ရမည့် လုပ်ငန်းလမ်းညွှန်နှင့် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ် ထုတ်ပိုးမှုပုံစံများအားသက်ဆိုင်ရာ တာဝန်ရှိ သူများက အသီးသီးရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပသည့် မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး၊ ရှေးဦးစွာ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်း စိုပြည်သော ကျောင်းများဖော်ဆောင်ရေး ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က“ အမျိုးသား အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု – National Clean andGreen School Award ချီးမြှင့်ခြင်းအစီအစဉ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု Clean and Green School Award ဆုချီးမြှင့်ခြင်းအစီအစဉ် ” များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အဆင့်အနေဖြင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်း (၁)ကျောင်းနှင့် အခြေခံပညာမူလတန်း အဆင့်ကျောင်း (၁) ကျောင်း အား စိစစ်ရွေးချယ်သွားမှာဖြစ်ပြီး နှစ်စဉ် ဇွန်လ (၅) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားမှာ ဆုပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ကြောင်း၊ အထက်တန်းအဆင့်နှင့် မူလတန်းအဆင့် (၂) ခုတွင် ယှဉ်ပြိုင် ကျောင်းများအား ခရိုင် အဆင့်ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ (၄)ဖွဲ့မှ ခရိုင် (၁) ခုလျှင် ကျောင်း (၁) ကျောင်းနှုန်းဖြင့် ရွေးချယ်ခဲ့ပြီး ခရိုင် အဆိုပြု အထက်တန်းအဆင့်ကျောင်း (၄) ကျောင်းနှင့် မူလတန်းအဆင့်ကျောင်း (၄) ကျောင်းတို့အနက်မှ အကောင်းဆုံး ကျောင်း(၂) ကျောင်းအား ပြည်နယ်အဆင့် ဆုစိစစ်ရွေးချယ်ရေး အဖွဲ့က ထပ်မံစိစစ်ရွေးချယ် သွားရမှာ ဖြစ်ပါတယ်။ အဆိုပါကျောင်း (၂) ကျောင်းအနေဖြင့် အမျိုးသားအဆင့်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် သွားစေမှာလည်း ဖြစ်ပါတယ်။ “ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ” ဆိုတဲ့ ဆိုရိုးစကားလိုပဲ“ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစ စာသင်ကျောင်းက “ဟု ဖြစ်စေရေး ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုအတွက် အထက်တန်းအဆင့်နှင့် မူလတန်းအဆင့် ရွေးချယ်ခံရသည့် ကျောင်းအနေဖြင့် အမျိုးသားအဆင့်ပြိုင်ပွဲတွင် ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်၍ ပြည်နယ်ဂုဏ်ဆောင်နိုင်စေရေးအတွက် ကော်မတီဝင်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဘက်ပေါင်းစုံမှ အားသာချက်၊ အားနည်းချက် များကို ဝိုင်းဝန်းဖြည့်စွက် အကြံပြုပေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ကျောင်းစိမ်းလန်းစိုပြေရေးကိစ္စရပ်များနှင့် ပက်သက်၍ အမှာစကားပြောကြားပြီး၊ ဦးစီးကော်မတီ အတွင်းရေးမှူးက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ရွေးချယ်နိုင်ရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် Video Clipအားပြသခဲ့ပြီး တက်ရောက်လာသောကော်မတီဝင်များက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ဖော်ဆောင်နိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။










