မော်လမြိုင် ဇန်နဝါရီ ၁၆
မွန်ပြည်နယ်မော်လမြိုင်တက္ကသိုလ် ၂၀၂၃-၂၀၂၄ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကို ဇန်နဝါရီ ၁၆ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ရှေးဦးစွာ မော်လမြိုင်တက္ကသိုလ် အနုပညာအသင်းဝင် ကျောင်းသား၊ ကျောင်းသူများက ထာဝရသစ္စာ သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက …ယနေ့ဟာ မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်အတွက်ကျက်သရေမင်္ဂလာအပေါင်း ခညောင်းတဲ့နေ့ တစ်နေ့ဖြစ်ပါတယ်။မောင်မယ် တို့တတွေက ရည်မှန်းချက်ကိုယ်စီနဲ့ ကြိုးပမ်းအားထုတ်ခဲ့ကြလို့ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ကြပြီး ယခုလို မော်လမြိုင်တက္ကသိုလ် ဘာသာရပ် အသီးသီးရဲ့ ပထမနှစ် သစ်လွင်မောင်မယ်များအဖြစ် ပေါ်ထွန်းခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံ့တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း ပညာရသည်မရှိမဖြစ်လိုအပ်တာကို အားလုံးအသိပဲဖြစ်ကြောင်း၊တက္ကသိုလ် တည်ရှိရာဒေသဟာ လူမှုဘဝသာယာဝပြောတဲ့နေရာလည်းဖြစ်လို့ အမှန်တကယ်လိုအပ်တဲ့ ကျွမ်းကျင်မှု အရည်အသွေးကို မွေးထုတ်ပေးရာ နေရာလည်းဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနေတဲ့ တက္ကသိုလ်များဟာ အဓိကကျသလို တက္ကသိုလ်များဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း အဓိကကျပြီး ယနေ့ခေတ် လူငယ်လူရွယ်များကို မိမိတို့ တိုင်းပြည်၏ အနာဂတ်ကောင်းမွန်စေရေး ထုဆစ်ပုံဖော်ပေးကြရမှာ ဖြစ်သည့်အတွက် မောင်မယ်တို့အနေဖြင့် တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ် ထက်သန်သော ယဉ်ကျေးလိမ္မာသည့် နိုင်ငံတော်၏ အနာဂတ်သားကောင်း ရတနာများဖြစ်ပေါ်စေရေးကိုလည်း အထူးတိုက်တွန်းလိုပါကြောင်း၊ ပညာရေးကဏ္ဍကို အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ မောင်မယ်တို့အနေဖြင့် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ကြပြီး “ပညာ တန်ဆောင် ပြည်ကျိုးဆောင်အံ့” ဟူသော မော်လမြိုင်တက္ကသိုလ်၏ဆောင်ပုဒ်အတိုင်း အားလုံးတက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ မြင့်မြင့်မားမားပညာတွေ တတ်မြောက်မှသာ ဖန်တီးမှုရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်ကြပြီး တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်နိုင်ကြမှာဖြစ်၍ ပညာကိုဆုံးခန်းတိုင်အောင် သင်ယူဆည်းပူးကြဖို့ အလေးအနက် တိုက်တွန်းကာ မောင်မယ်တို့ ကာယ သုခ၊ စိတ္တသုခနှစ်ဖြာနှင့်ပြည့်စုံသော နိုင်ငံ့ဂုဏ်ဆောင် သားကောင်းရတနာ၊ သမီးကောင်းရတနာလေး များ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပြောကြားသည်။
ထို့နောက် မော်လမြိုင်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာချစ်စိန်က တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ဆက်လက်၍ (၇၆)နှစ ်မြောက်
လွတ်လပ်ရေး နေ့အထိမ်းအမှတ် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်သော ငွေကျပ်(၁၀)သိန်းအား ပြည်နယ်ဝန်ကြီးချုပ်ကဆက်လက် ပေးအပ်ခဲ့ရာ မော်လမြိုင် တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာချစ်စိန်က လက်ခံရယူပြီး မော်လမြိုင်တက္ကသိုလ် အနုပညာ အသင်းဝင် ကျောင်းသား၊ကျောင်းသူများက မြကျွန်းညိုညို သီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များက ကြည့်ရှုအားပေးပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ စမ်းကြီးရပ်၊ လူငယ်သင်တန်းကျောင်း ၌၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် တတိယအကြိမ် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အဆင့်မြင့်တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ အဆင့်မြင့်ဂဟေဆက်သင်တန်း၊ အဆင့်မြင့်အုတ်စီနှင့် ပန်းရံသင်တန်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာမွန်ပြည်နယ် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ
နာယက ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၃၃)၏ ရည်မှန်းချက် (၃) ရပ်အနက်တစ်ရပ်မှာ “အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရန်နှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံ ဆောင်ရွက်ပေးရန်” ဟူ၍ ပါဝင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ အနေဖြင့် “အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ်လေ့ကျင့်ရေး သင်တန်း ကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သော အလုပ်အကိုင်ရရှိစေရေး ဆောင်ရွက် ပေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်းများအတွက် ထိရောက်သင့်လျော်သော ဘက်ဂျက်ငွေ တင်ပြအသုံးပြု ခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်း ဈေးကွက်များ မြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကိုတန်ဖိုး မြှင့် ပစ္စည်းထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့်ချိတ်ဆက်ပေးခြင်း၊ အလုပ် အကိုင်ပေးလိုသော ဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း” တို့ကို တာဝန်ခံ၍ တာဝန်ယူဆောင်ရွက် ရမှာ ဖြစ်ကြောင်း၊သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူ တတ်မြောက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများဖြစ်ကြစေရန်နှင့် ကျွမ်းကျင်မှု အသိ အမှတ်ပြုလက်မှတ်များရရှိအောင် ကြိုးစားကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်မှ သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်လာသော သင်တန်းသားများနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူး၍ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းသား(၄၀)ဦးဖြင့် ဇန်နဝါရီ(၁၆)ရက်မှ (၃၀)ရက် အထိ နှစ်ပတ်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရှိရသည်။








