မော်လမြိုင်၊ ဇန်နဝါရီ ၁၉
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်အတွင်း တရားမဝင်ရော်ဘာခုတ်လှဲ သယ်ဆောင်မှုများ ဖမ်းဆီးအရေးယူနိုင်ရေးနှင့် စစ်ဆေးကြပ်မတ်နိုင်ရေးအတွက် မူဝါဒတစ်ရပ်ချမှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင် အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၁၀/၂၀၂၃) သင်တန်း ဆင်းပွဲ အခမ်းအနားနှင့် တက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲတွင် ထူးချွန်ဆုရ မော်လမြိုင်ဇုန် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက် မွန်ပြည်နယ်အတွင်း တရားမဝင် ရော်ဘာခုတ်လှဲသယ်ဆောင်မှုများ ဖမ်းဆီးအရေးယူနိုင်ရေးနှင့် စစ်ဆေးကြပ်မတ်နိုင်ရေးအတွက် မူဝါဒတစ်ရပ်ချမှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၈ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက် သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲ့ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုတွင် ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်နိုင်မှုသည် ၉၇% ဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍမှ ဆောင်ရွက်နိုင်မှုသည် ၃% ခန့်သာရှိသဖြင့် ပုဂ္ဂလိက ကဏ္ဍပါဝင်မှုမှာ အဓိကကျသဖြင့် ပုဂ္ဂလိက ခြံရှင်ငယ်များ (Small holder) မှာ အဓိကဖြစ်ပြီး(၅)ဧက အောက်ခြံများနှင့် (၅)ဧကမှ (၂၀)ဧကအတွင်းရှိခြံများမှာ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံ ရော်ဘာစိုက်ဧရိယာ၏ ၉၀% ခန့် ရှိပါကြောင်း၊ (၂၀)ဧကနှင့် အထက် (၅၀)ဧကအထက်နှင့်(၁၀၀)ဧကအထက်ရှိ ခြံလတ်၊ ခြံကြီးများအနေနဲ့ ၁၀% ခန့်သာ ရှိကြောင်း၊ မွန်ပြည်နယ်သည် စိုက်ဧရိယာအများဆုံး ဒေသတစ်ခုဖြစ်ကာ (၂၀၂၂-၂ဝ၂၃) ခုနှစ်တွင် စိုက်ဧကပေါင်း(၅၀၄,၉၈၈)ဧက စိုက်ပျိုးထားရှိပြီးဖြစ်သဖြင့် တစ်နိုင်ငံလုံး စိုက်ဧရိယာ ၏ ၃၀.၈၉% ရှိတာကို တွေ့ရှိရမှာဖြစ်၍ မွန်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် ရော်ဘာအခန်းကဏ္ဍသည် အဓိကပါဝင်နေပါသဖြင့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ရေရှည်တည်တံ့ရေးအတွက် ဌာနဆိုင်ရာများနှင့်အတူ ရော်ဘာစိုက်ပျိုးထုတ် လုပ်သူများအသင်းနှင့် ပုဂ္ဂလိကခြံရှင်များ၊ ရော်ဘာတန်ဖိုး ကွင်းဆက်တစ်လျှောက်ပါဝင်ပတ်သက်သူ အားလုံးမှ ပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရော်ဘာခုတ်လှဲခွင့်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာနများ၏ စိစစ်ထောက်ခံချက်များနှင့်အတူ ခုတ်လှဲခွင့်များ ခွင့်ပြုပေးခြင်း၊ ရော်ဘာသယ်ယူခွင့်များ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ခုတ်လှဲခွင့်ပြုသည့် ဧရိယာထက် ပိုမိုခုတ်လှဲနေခြင်း၊ သယ်ယူခွင့်ပြုသည့် ပမာဏထက် တရားမဝင်ပိုမိုသယ်ဆောင်မှုများ ရှိနေသည်ကို တွေ့ရှိရတဲ့အတွက် တရားမဝင်ရော်ဘာခုတ်လှဲသယ်ဆောင်မှုများ ဖမ်းဆီးအရေးယူ နိုင်ရေးနှင့်စစ်ဆေးကြပ်မတ်နိုင်ရေးအတွက် မူဝါဒတစ်ရပ်ချမှတ်သွားနိုင်ရေးအတွက် အစည်းအဝေး တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်းပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က တရားမဝင်ရော်ဘာခုတ်လှဲ သယ်ဆောင်မှုများ ဖမ်းဆီးအရေးယူနိုင်ရေးနှင့် စစ်ဆေးကြပ်မတ်နိုင်ရေးအတွက် မူဝါဒတစ်ရပ် ချမှတ်နိုင်ရေး ကိစ္စရပ်များနှင့်ပက်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးလှမိုးအောင်က မွန်ပြည်နယ်အတွင်း မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှုတို့နှင့်စပ်လျဉ်းသည့် နည်းပညာပေး အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်/ မြို့နယ်စီမံ အုပ်ရေးအဖွဲ့ဥက္ကဌများက ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက အကြုံပြုဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောက်ရွက်ပေးကာ နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လုပ်ငန်း ခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTTအမှတ်စဉ်(၁၀/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမတွင် ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “တို့ယုံကြည်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက ပညာရေးသည် နိုင်ငံ တစ်နိုင်ငံရဲ့ ရှင်သန်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီရေးတို့အတွက် အခြေခံအကျဆုံး အုတ်မြစ်ဖြစ်၍ ပညာရေး ကဏ္ဍကို ကောင်းမွန်တဲ့ အခြေအနေရောက်အောင် အဓိကအကောင်အထည် ဖော်ပေးတဲ့သူများ ကလည်း အခြေခံပညာရေး ဆရာ၊ ဆရာမများဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ကို ဘက်စုံ ပေါင်းစပ်ထားတဲ့ ချဉ်းကပ်မှုပုံစံ (Integrated Approach) အပြင် ဆရာများနှင့် ပက်သက်သည့် အယူအဆသဘောတရားများ၊ ကျင့်ဝတ်များ၊ ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပြသနိုင်သည့် သင်နည်းများ၊ အကဲဖြတ်စစ်ဆေးခြင်းများကို လက်တွေ့ပြန်လည်အသုံးချနိုင်အောင် မော်လမြိုင် ပညာရေးဒီဂရီကောလိပ်က လမ်းညွှန်သင်ကြားပေးခဲ့ပြီးဖြစ်၍ စာပေသင်ကြားတဲ့ အခါမှာ ဘာသာရပ်ဆိုင်ရာအသိပညာများကိုသာ အလေးပေးခြင်းမဟုတ်ပဲ သက်ဆိုင်ရာ အသက်အရွယ်အုပ်စုအလိုက် သင်ကြားပေးရမှာဖြစ်ပြီး ကလေးများရဲ့အသိပညာ (Knowledge)၊ ကျွမ်းကျင်မှု(Skill)၊ စိတ်နေသဘောထား (Attitude)များကိုပါ တိုးတက်ပြောင်းလဲအောင် သင်ကြားပေးရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများ ဖြစ်ကြသည့်အတွက် နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ တည်ဆဲ ဥပဒေများကို လိုက်နာခြင်း၊ တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်ခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်းစတဲ့ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာပြီး ဝန်ထမ်းကောင်း ဘဝဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထိုနောက်မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်မိညိုညိုရှိန်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ဆုရသင်တန်းသား၊ သင်တန်းသူများအား မွန်ပြည်နယ် ၀န်ကြီးချုပ်၊ ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက Fitness dance အကဖြင့် ဖျော်ဖြေခြင်း၊ “စည်းလုံးစို့လေသွေးချင်းတို့ရဲ့ပြည်” သီချင်းတို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေး၍ တက်ရောက်လာကြသော သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲတွင် ထူးချွန်ဆုရ မော်လမြိုင်ဇုန် အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသူလေးများက ယနေ့ မွန်းလွဲပိုင်း တွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။
ထိုနောက် ဂုဏ်ပြုပွဲအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ဆက်လက်၍ ကျင်းပရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မော်လမြိုင်ဇုန်မှာပါဝင်တဲ့ မော်လမြိုင်တက္ကသိုလ်နှင့် ဘားအံတက္ကသိုလ် အားကစားသမားများဟာ ညီညွတ်စွာဖြင့် ပြည်နယ်ဂုဏ်ကိုဆောင်နိုင်ခဲ့ကြတဲ့အတွက်ကြောင့်မို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အထူးပင် ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ မော်လမြိုင်ဇုန်ပြိုင်ပွဲဝင် ဘောလုံးအသင်းသည် ပထမ ဒိုင်းဆုကြီးကိုရရှိခဲ့ပြီး ဘော်လီဘော(ကျား)ပြိုင်ပွဲမှာ တတိယဆု၊ (မ)ဒုတိယဆုကိုရရှိခဲ့ကာ ကျောင်းအလိုက် ပြိုင်ပွဲများတွင် မော်လမြိုင် တက္ကသိုလ်က ပိုက်ကျော်ခြင်း(၂)ယောက်တွဲ တတိယဆု၊ Table Tennis တစ်ဦးချင်း ဒုတိယဆု၊ ပြေးခုန်ပစ် မီတာ(၅၀၀၀) ကျား၊ မ (ရွှေ)၊ မီတာ(၁၀၀၀၀)(ရွှေ)၊ မီတာ(၁၅၀၀) ကျား(ဒုတိယ)၊ လက်ဆင့်ကမ်း မ(၄)ယောက်တွဲ တတိယ တို့ကို ရရှိခဲ့ပြီး ဘောလုံးပြိုင်ပွဲမှာ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံး ဆုနှင့် ဂိုးသမားအကောင်းဆုံးဆုတို့ကို ဆွတ်ခူးရရှိခဲ့သည့်အတွက် မော်လမြိုင်တက္ကသိုလ်နှင့် ဘားအံတက္ကသိုလ်က အားကစားသမားများ၏ အောင်မြင်မှုတွေကို ညီညီညွတ်ညွတ် ဆောင်ရွက်မှုကြောင့် ပြည်နယ်ဂုဏ်ကိုဆောင်နိုင်ခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ယင်းနောက် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရ မော်လမြိုင်ဇုန်အသင်း တာဝန်ခံမှ အားကစားပြိုင်ပွဲအတွေ့ အကြုံများအား ရှင်းလင်းတင်ပြပြီး တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရ မော်လမြိုင်ဇုန်အသင်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၂၀) ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော ပြိုင်ပွဲဝင် ထူးချွန်ဆုရ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်၍ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။









