မော်လမြိုင် ဇန်နဝါရီ ၂၅
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူ များသည် ဇန်နဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းက မုတ္တမမြို့ရှိ ကျိုက်ဖျဉ်ကူစေတီတော်မြတ်ကြီး၏ (၃၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဆွမ်းကြီးလောင်းပွဲတော်သို့ ရောက်ရှိရာ ရှေးဉီးစွာ စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်နှင့် ဆရာတော်သံဃာတော်များ အားဖူးမြှော်ကြည်ညိုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဘုရားအမှူးပြုသော ပင့်သံဃာတော် များ၊ သီလရှင်ဆရာလေး၁၅၀ပါးတို့အား ဆွမ်းခြောက်များ လောင်းလှူခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သထုံမြို့နယ် မြေနီကုန်းကျေးရွာရှိ တောင်သူ ဦးသာဆန်း လယ်မြေ၌ ကျင်းပပြုလုပ်သော ဆောင်းဆီထွက်သီးနှံ (နေကြာ) တောင်သူပညာပေး မျိုးစေ့ထုတ်စိုက်ခင်း ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲနှင့် ရွှေဇီဝ ရွက်ဖျန်းမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်၍ ရှေးဦးစွာ သထုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က သထုံမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံ နှင့်နေကြာစိုက်ပျိုးမှု၊ နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားမှသာ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း ဆန်စပါးဖူလုံမှုရှိသော်လည်း ဆီဖူလုံမှု ရာခိုင်နှုန်း နည်းနေသေးကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် နေကြာနှင့် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် မျိုး၊ မြေ၊ ရေ၊ နည်းပညာတို့ မှန်ကန်ရန်လိုကြောင်း၊ ယခု လာရောက်ကြည့်ရှုသည့် နေကြာစိုက်ခင်းသည် မျိုးစေ့ထုတ်သည့် စိုက်ခင်းဖြစ်ရာ လာမည့်စိုက်ပျိုးကာလများတွင် ယင်းမျိုးစေ့များဖြင့် ပိုမိုစိုက်ပျိုးသွားရန်လိုကြောင်း၊ ဆောင်းသီးနှံနှင့် နေကြာအပါအဝင် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ မြေဩဇာနှင့်မျိုးကောင်းမျိုးသန့်များ ရရှိရေး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက် ဆိုသည့်အတိုင်း မြေလွတ်၊ မြေလပ်မကျန်ရအောင် ရေ မြေ ဒေသနှင့် ကိုက်ညီသည့် နေကြာ အပါအဝင် ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံတို့ကို နည်းစနစ်မှန်စွာဖြင့် တိုးချဲ့စိုက်ပျိုးဆောင်ရွက် ကြစေလိုကြောင်း၊ တောင်သူများအနေဖြင့် လိုအပ်ချက်များရှိပါက တင်ပြစေလိုပြီး ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တောင်သူများထံ ရွှေဇီဝ ရွက်ဖျန်းမြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံတောင်သူများက စိုက်ပျိုးရေ ရရှိရေးအတွက် ချောင်းကောမြောင်းကောများနှင့် ရေထိန်းတံခါးများဆောင်ရွက်ပေးစေလိုမှု၊ ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးစေလိုမှု၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအတွက် လိုအပ်သည့် သွင်းအားစုများ ထောက်ပံ့ပေးလိုမှု အခြေအနေများကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆောင်းဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးထားရှိမှု၊ တောင်သူပညာပေး ကွင်းသရုပ်ပြ ရွက်ဖျန်းမြေဩဇာ ပက်ဖျန်းခြင်းများကို လိုက်လံကြည့်ရှုအားပေးပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေ ငွေကျပ်(၁၄ဒဿမ၂၀)သန်းဖြင့် ဆိုလာရေတင်စနစ် အသုံးပြု၍ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေးအတွက် ရေတင်သွင်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သထုံမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းစခန်းသင်တန်းကျောင်းသို့ ရောက်ရှိရာ ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာနမှူး ဦးသက်ဦးက စခန်းမှ ငါးသားပေါက်ထုတ်လုပ်ဖြန့်ဖြူးမှု လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ရေချိုငါးသားပေါက်စခန်းများ တိုးချဲ့ လုပ်ဆောင်နိုင်ရေး လိုအပ်သည်တို့ကို မှာကြားကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ပေးပြီး ငါးလုပ်ငန်းစခန်းရှိ ရေချိုငါးသားပေါက်ကန်နှင့်မွေးမြူရေး ကန်များအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ ကွင်းအမှတ် (၉၂၇)(၉၂၃)(၉၂၈)တွင် ဒေသခံတောင်သူများ၏ ပန်းဂေါ်ဖီ၊ မုန်လာ၊ ကန်စွန်း၊ ဘူးသီး၊ ငရုတ်၊ ကြက်ဟင်းခါး စုစုပေါင်း(၁၆၅)ဧကတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများက မိမိတို့၏ လယ်ယာမြေများတွင် ရေလုံလောက်မှုရရှိရေးအတွက် ရေထိန်းတံခါးများတပ်ဆင်ပေးရေး၊ ရေကန်များပြန်လည်တူးဖော် ပေးရေး လိုအပ်သည်များကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။









