မော်လမြိုင်၊ မတ် ၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ သဒ္ဓမ္မဓဇကျောင်းစာသင်တိုက်၏ စာသင်တိုက်(၂၅)နှစ်ပြည့် ငွေရတုသဘင် အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၃ ရက်နေ့၊ နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ သဒ္ဓမ္မဓဇကျောင်းစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များတက်ရောက်၍ ရှေးဦးစွာ ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ သဒ္ဓမ္မဓဇကျောင်းစာသင်တိုက်၏ ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသာဘိဓဇ (သာသနဓဇ ဓမ္မာစရိယ၊ ဝိနယဝိဒူ)
ထံ သီလတော်မြတ်များ ခံယူဆောက်တည်ခဲ့ကြပြီး လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
ဆက်လက်ပြီး ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ သဒ္ဓမ္မဓဇကျောင်းစာသင်တိုက်၏ စာသင်တိုက်(၂၅)နှစ်ပြည့် ငွေရတုသဘင် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဆရာတော်ကြီးများကို အမှူးထား၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများမှ စာသင်တိုက်၏ စာသင်တိုက်(၂၅)နှစ်ပြည့် ငွေရတုသဘင် အထိမ်းအမှတ် မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်က သာသနဓဇဓမ္မာစရိယနှင့် ရာမညပါဠိပါရဂူတန်းတို့တွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၊ ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ စာဖြေသံဃာတော်များ ဝင်ရောက်ဖြေဆိုနေမှုတို့ကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


