မော်လမြိုင် မေ ၂၅
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မေလ ၂၄ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ ဦးသန်းထွန်းဝင်း၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ဦးစွာ ရှင်းလင်းဆောင်တွင် ပြည်နယ်မွေးမြူးရေးကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်နယ်အတွင်း ကြက်၊ ဝက်၊ ဘဲမွေးမြူထားရှိအောင်မြင်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာ သမားရိုးကျ နည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များအသုံးပြုမွေးမြူသည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက် ကြရန်လိုကြောင်း၊ မွေးမြူရေးခြံ သန့်ရှင်းရေးဆောင်ရွက်မှုနှင့် ရောဂါကူးစက်မှု မဖြစ်ပွားစေရေး ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ မွေးမြူးရေးခြံအတွင်း ဥစားကြက်အကောင်ရေ(၆၅၀၀) ကောင် မွေးမြူးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးသက်ပိုင်စိုး၏ ၃ဧက ငါးမွေးမြူရေးကန်တွင် ငါးတန်(၃၀၀၀)ကောင်နှင့် ငါးမုတ်(၅၀၀၀)ကောင် မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးကာ မွန်ပြည်နယ်အတွင်း ရေချိုငါး၊ ပုဇွန် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရေး၊ ငါးစားသုံးမှုဖူလုံပိုလျှံမှုရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရေးတို့ကို ဆောင်ရွက်ပေးနိုင်ရန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။



