
၂၀၂၃ ခုနှစ် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ အရှေ့တောင်တိုင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အခမ်းအနားတွင် ရာမညအားကစားကွင်းအား ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူး ပြည်နယ်ဝန်ကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပြီး ရာမညအားကစားကွင်း ကဗ္ဗည်းမော်ကွန်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အမွေးနံ့သာများဖြင့် ပတ်ဖြန််းခဲ့ကြသည်။
ထို့နောက် ၂၀၂၃ခုနှစ်၊ မွန်ပြည်နယ် (၁၀)မြို့နယ်(၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေနဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုကို အလေးထားအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်ပြည်နယ်၏ အထိမ်းအမှတ် ရာမညအားကစားကွင်းကြီးကို အောင်မြင်စွာဖွင့်လှစ်နိုင်တဲ့နေ့ဖြစ်တဲ့အတွက် ကျက်သရေမင်္ဂလာရှိသော နေ့ရက်လည်း ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများ ကျင်းပခြင်း ၊ အားကစား သင်တန်းများဖွင့်လှစ်ပေးခြင်း ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် မွန်ပြည်နယ် ပြေးခုန်ပစ်အသင်း အောင်မြင်မှုရရှိစေရန်၊ မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် အားကစားသမားများ မွေးထုတ် ပေးနိုင်ရန်စတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း၊ ဒီပြိုင်ပွဲကနေ ထူးချွန်ပြီး အလားအလာရှိတဲ့ ပြေးခုန်ပစ် အားကစား သမားတွေကို မွန်ပြည်နယ် လက်ရွေးစင်ရွေးချယ်ပြီး စနစ်တကျစခန်းသွင်း လေ့ကျင့်မှုများပြုလုပ်ကာ ၂၀၂၃ ခုနှစ် မေလတွင် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ် အားကစား ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်စေမှာဖြစ်ပါကြောင်း၊ မြန်မာ့အားကစားကို အစွမ်းကုန်ထူးကဲစွာ အားပေးချီးမြှောက် နေသည့် အချိန်ကာလဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် မိမိတို့၏ စွမ်းပကား အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့အနိုင် ရရှိရေးကို အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြရန် နှင့်ယခုပြိုင်ပွဲတွင် ပြည်နယ်ဂုဏ်ဆောင် နိုင်ငံဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားများဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အဲဒီနောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြသည်။
အဲဒီနောက် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း (မော်လမြိုင်)၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း (မော်လမြိုင်)တို့မှ ဘင်ခရာအဖွဲ့၊ ကျောင်းသား/ သူများက ပန်းပွားအကဖြင့် လည်းကောင်း၊ မွန်တိုင်းရင်းသားအဖွဲ့ က တိုင်းရင်းသား အကများဖြင့် လည်းကောင်း၊ မြန်မာသိုင်းအဖွဲ့မှ သိုင်းသရုပ်ပြဖြင့် လည်းကောင်း၊ Physical Fitness Dance အကအဖွဲ့မှ အကများဖြင့် လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက် ခဲ့ကြမှုအပေါ် ကြည့်ရှု့အားပေးခဲ့ကာ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မီတာ(၁၀၀)နှင့် မီတာ(၄၀၀)အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ အားကစားနည်းအလိုက် ပြိုင်ပွဲဝင် အားကစားသမားများ၏ ဝင်ရောက်ယှဉ်ပြိုင်ပွဲနေမှုအပေါ် ကြည့်ရှု့အားပေးခဲ့ကြပြီး ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊တတိယ ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မုဒုံမြို့၊ ရွှေဟင်္သာခန်းမသို့ ရောက်ရှိလာခဲ့ပြီး မုဒုံမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရာတွင်ပါဝင်သော လယ်ယာမြေများအတွက် မြေယာလျော်ကြေး၊ သီးနှံလျော် ကြေး၊ အဆောက်အဦတန်ဖိုးလျော်ကြေးပေးအပ်ခြင်း အပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က လယ်ယာမြေလျော်ကြေး ရရှိသည့် တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မြေနေရာလျှော်ကြေးများတွက် သတ်မှတ်ကာလ ဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ကြရန် လေဆိပ်စီမံကိန်း ဧရိယာအတွင်း မြေနေရာများအပေါ် မြေအမျိုးအစားအလိုက် အသုံးပြုသည့် အခြေအနေများပေါ်မူတည်၍ မြေယာလျှော်ကြေး ပေးချေရာတွင် မှန်ကန်တိကျမှုရှိစေရေး ဆောင်ရွက်ကြရန် ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။