Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း – (၁၃)ကြိမ်မြောက် မွန်ပြည်နယ်အစိုးရအဖွဲ့ စုပေါင်းဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား နှင့် အသက်(၄၀)အထက် ပြည်နယ်အစိုးရအဖွဲ့နှင့် ကျန်းမားရေးဝန်ထမ်းများအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း – (၁၃)ကြိမ်မြောက် မွန်ပြည်နယ်အစိုးရအဖွဲ့ စုပေါင်းဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား နှင့် အသက်(၄၀)အထက် ပြည်နယ်အစိုးရအဖွဲ့နှင့် ကျန်းမားရေးဝန်ထမ်းများအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားသို့ တက်ရောက်

by Mon Editor

မော်လမြိုင် ၊   ဇူလိုင် ၂၂

 မွန်ပြည်နယ်အစိုးရအဖွဲ့ မှကြီးမှူးကျင်းပသည့် (၁၃) ကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၂၂ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ၊ ပြည်နယ် အစိုးရအဖွဲ့ရုံး ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ 

ရှေးဉီးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ ပန်ဘဲတန်းရပ် တောင်ပေါ် မဟာရင် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ပြည်နယ်သံဃနာယကအဖွဲ့ မဟာရင်(ဥက္ကဋ္ဌ) အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇာဂရ အရှင်သူမြတ် ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များက ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်  ပရိတ် တရားတော်များကို တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က နားယူ ကြည်ညို သည်။ 

ထို့နောက် မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့်ဇနီး၊  အတွင်းရေးမှူးနှင့် ဇနီး တို့က လှူဖွယ်ပစ္စည်းများနှင့် ဝါဆိုသင်္ကန်းများ စုပေါင်းကပ်လှူခဲ့ကြသည်။ 

ဆက်လက်၍ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊ အရှေ့ကံ့ကော်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တနန္ဒိယ  အရှင်သူမြတ်ထံမှ  အနုမောဒနာ တရား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ထို့နောက် မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများ က ကြွရောက်တော်မူလာသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

မွန်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၃) ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းများကို မော်လမြိုင်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းပေါင်း (၃၃၄)ကျောင်းသို့ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့ အထွေထွေထွေ ရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အသက်(၄၀)အထက် ပြည်နယ်အစိုးရအဖွဲ့နှင့် ကျန်းမားရေးဝန်ထမ်းများအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာခြင်း၊ ရာသီတုပ်ကွေးရောဂါ  ကာကွယ်ဆေးထိုးနှံ ပေးနေမှုများကို လိုက်လံ ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက  လက်ရှိကာလအတွင်း ရာသီတုပ်ကွေး ရောဂါကူးစက်မှုမှာ ဖြစ်ပွားနေ၍ ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများတွင်  ရောဂါပြင်းထန်မှု ဖြစ်ပွားကြောင်း၊ ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါ ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်ပွားပြီး အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် အခြားသူများသို့ ကူးစက်နိုင်ကြောင်း နှင့် ရောဂါ ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်သည့်အတွက် ကာကွယ်ဆေးထိုးနှံထား ရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းသည် ရာသီတုပ်ကွေး ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရုံမက ဖြစ်ပွားပါကလည်း ရောဂါ ပြင်းထန်မှုကို လျှော့ချပေး နိုင်ကြောင်း ပြောကြားခဲ့မှုအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

အဆိုပါ အသက်(၄၀)အထက် ပြည်နယ်အစိုးရအဖွဲ့နှင့် ကျန်းမားရေးဝန်ထမ်းများအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ( ပထမ အကြိမ် ) အသက်(၄၀)အထက် လူဉီးရေ (၃၅၀) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

You may also like