မော်လမြိုင် ၊ ဇူလိုင် ၂၉
မွန်ပြည်နယ်အတွင်း ဆရာတော်၊ သံဃာတော်များ စိတ်အေးချမ်းမြေ့စွာ သီတင်းသုံး နေထိုင်နိုင်ရေးအတွက် ကျောင်းပရဝုဏ်များ စိမ်းလန်းစိုပြေ စေရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင်၂၉ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင် မြို့၊ စျေးကြိုတော်ကူး ပရိယတ္တိစာသင်တိုက် ကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ဆရာတော်၊ သံဃာတော်များ စိတ်အေးချမ်းမြေ့စွာ သီတင်းသုံး နေထိုင်နိုင်ရေးအတွက် ကျောင်းပရဝုဏ်များ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေး စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စျေးကြို တော်ကူး ပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တပညာသာမိဘိဝံသ မဟာဂန္တဝါ စကပဏ္ဍိတ၊ သာသနာ ဓဇဓမ္မာစရိယ ဆရာတော်အားဖူးမြော်ကြည်ညို၍ ငါးပါးသီလ ခံယူ ဆောက်တည်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မဟာမြိုင် ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ဆရာတော်၊ သံဃာတော်များ စိတ်အေးချမ်းမြေ့စွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် ကျောင်းပရဝုဏ်များ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်း သာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဝိုင်းဝန်း ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်မဟာမြိုင် ပရိယတ္တိစာသင်တိုက် ဦးဣန္ဒက ဆရာတော်အား ဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူဆောက်တည်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မုဒုံမြို့နယ် ဘဲရမ်းကျေးရွာ ဧက(၃၀၀) မိုးစပါး ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်းတွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိန်ကိုက် အချိုးကျ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား သို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် မွန်ပြည်နယ်အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် လယ်ယာကဏ္ဍ၊ ရော်ဘာကဏ္ဍနှင့် ဥယျာဉ်ခြံ သီးနှံကဏ္ဍဖွံဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်နေသည့် ပြည်နယ် တစ်ခုဖြစ်ကြောင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်မှာ မြေဆီလွှာ အရည်အသွေးကောင်းမွန်ပြီး အပင်အာဟာရဓါတ် လုံလောက်မျှတစွာ ရရှိရေးမှာအရေးကြီးပြီး အပင်အာဟာရ လုံလောက်မျှတစွာ ရနိုင်မှသာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်နိုင်မှာဖြစ်၍ ဓါတ်မြေ ဩဇာကို အကျိုးရှိစွာ အသုံးချ နိုင်ရေးနှင့် အချိန်ကိုက်၊ အချိုးကျကျ သုံးစွဲနည်း စနစ်များကို စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာများ ပံ့ပိုး လျှက်ရှိသောကြောင့် တောင်သူများမှလိုက်နာကျင့်သုံးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊မိုးစပါးအပြင် ဆီထွက်သီးနှံများဖြစ်သော နေကြာနှင့် ပဲမျိုးစုံကိုလည်း သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် မျိုး၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် သီးနှံအထွက်နှုန်းတွေကို တိုးတက် ထုတ်လုပ် ရုံမက အရည်အသွေး ကောင်းမွန်တဲ့ ထုတ်ကုန်များထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးစေဖို့ အဖက်ဖက်က ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နိုင်ငံသူ နိုင်ငံသားတွေ စားနပ်ရိက္ခာဖူလုံဖို့အတွက် ဆန်စပါး ထုတ်လုပ်မှု တိုးတက်မြင့်မားအောင် ဆောင်ရွက်တဲ့ နေရာမှာ တောင်သူ များမှလည်း အင်တိုက်အားတိုက် ကြိုးစား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် အကျိုးပြုသလို တောင်သူ တွေရဲ့ လူမှုစီးပွားဘဝများလည်း မြင့်မားလာမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မုဒုံမြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်မှ ၂၀၂၃-၂၀၂၄ ခုနှစ် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြစိုက်ခင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး တက်ရောက်လာသော ဒေသခံတောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်လာသော တောင်သူများအား ဓါတ်မြေသြဇာနှင့် ရွှေဇီဝ သဘဝမြေဩဇာများထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းအမှတ် (၈၃) ဦးပိုင် (၁၅၇/၆) ရှိ တောင်သူ ဦးဘသိန်း၏ စိုက်ဧက(၂) ဧက၌ ပေါ်ဆန်းရင်မျိုးကွဲ SRI စိုက်နည်းစနစ်ဖြင့် အောင်မြင်ဖြစ်ထွန်းနေမှု နှင့်သဘာဝမြေသြဇာစုပေါင်းကြဲပက်နေမှုကိုကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။











