မော်လမြိုင် ဇူလိုင် ၃၀
မွန်ပြည်နယ်ရဲတပ်ဖွဲ့မိသားစုတို့၏ စုပေါင်းဝါဆို သင်္ကန်းဆပ်ကပ် လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက်၊ ဆင်ဖြူပရိယတ္တိ စာသင်တိုက်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီး အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့သည်။
ရှေးဉီးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက်၊ ဆင်ဖြူပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တခေမာစာရ ဆရာတော်ကြီးထံမှငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော် များကို နာယူကြည်ညိုခဲ့ကြပြီး၊ ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ နှင့်ဇနီး၊ တက်ရောက်လာသော ဧည့်ပရိတ်သတ်များ တို့က လှူဖွယ်ပစ္စည်းများနှင့် ဝါဆိုသင်္ကန်းများကို စုပေါင်းကပ်လှူခဲ့ကြသည်။
ဆက်လက်၍ မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက်၊ ဆင်ဖြူ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ကြီးထံမှ အနုမောဒနာ တရား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။




