
မော်လမြိုင် ၊ သြဂုတ် ၂၇
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တာဝန်ရှိသူများနှင့်အတူ သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ဖံဖကျေးရွာသို့ သွားရောက်ပြီး ဖံဖတိုက်ကျောင်းတွင် အသစ်ဆောက်လုပ်လှူဒါန်းထားသည့် ယောဂီများနားနေဆောင် ဆောက်လုပ်ပြီးစီးနေမှုအခြေအနေများအား ကြည့်ရှုအားပေးသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖံဖတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တသုစိတ္တသာရ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္တုငွေများ ကပ်လှူခဲ့ကြသည်။ ဆက်လက်ပြီး ဆရာတော် အရှင်သူမြတ်ထံမှ အနုမောဒနာ တရား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖံဖကျေးရွာ ကွင်းအမှတ်(၇၆၁) စားကျက်မြေဧက (၁၃၀)တွင် မွေးမြူရေးဇုန် ဖော်ထုတ်မည့် မြေနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက မွေးမြူရေးဇုန်ဖော်ဆောင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးဇုန်များ ဖော်ဆောင်ပေခြင်းဖြစ်ကြောင်း၊ စားကျက်မြေများတွင်ကျူးကျော်မှုများ မရှိစေရေးနှင့် လိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးသွားမှာ ဖြစ်ကြောင်း ပြောကြားသည်။ ထိုမှတစ်ဆင့် ချောင်းဆုံ အနောက်ရပ်ကွက် မြို့မ အမှတ် (၁)စျေးပျံကျဆိုင်ခန်းများ နေရာသို့သွာရောက်စစ်ဆေးကာ မြို့အင်္ဂါ ရပ်နှင့်အညီ စျေးဆိုင်ခန်းများ တည်ဆောက်သွားရေး၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း တင်ပြတည်ဆာက်သွားရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ချောင်းဆုံ အနောက်ရပ်ကွက် မဟာကန်တော်ကြီးအတွင်း ရေဝင်ရောက်နေမှု၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းမြေများတွင်ကျူးကျော်များမရှိစေရေးဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား မဟာကန်တော်ကြီးအတွင်း လှေပြိုင်ပွဲများကျင်းပပြုလုပ်စေရေး၊ စျေးဆိုင်ခန်းများ စနစ်တစ်ကျဆောက်လုပ်ရေးတို့ကို မှာကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာလွတ်ကျေးရွာ စိန်မြတောင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝံသပါလအား ဖူးမျှော်ကြည်ညို ကန်တော့ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံဖြိုးရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာလွတ်-ကြံခင်း-ကတောင်စိန် ၊ တောင်ဖြတ်လမ်း ဖောက်လုပ်မှုလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူမှ ချောင်းဆုံမြို့နယ်၊ ရွာလွတ် – ကြံခင်း-ကတောင်စိန် တောင်ဖြတ်လမ်းသည် စုစုပေါင်းလမ်းအရှည်(3.22km) အရှည်ရှိပြီး Nove9 Engineering ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်မှုအခြေအနေအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်- ချောင်းဆုံလမ်းမကြီးနှင့် ဆက်သွယ်ထား၍ အဆိုပါလမ်းအား ကတ္တရာလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ပါက ကျွန်းတဖက်ရှိကျေးရွာများမှ အချိန်တိုတွင်း လွယ်ကူလျင်မြန်စွာ ကုန်စည်စီးဆင်းနိုင်မှာဖြစ်ကြောင်း၊ အဆိုပါလမ်းကို ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် Nove9 Engineering ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်မှာဖြစ်၍ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ချိန်အတွင်း စံချိန် စံညွှန်းမှီစွာဖြင့် ပြီးစီးစေရေးနှင့် စေတနာကောင်းထား၍ အရည်အသွေးပြည့်မှီစွာဖောက်လုပ်စေလိုကြောင်း ပြောကြားသည်။
အဆိုပါလမ်းအား ကတ္တရာလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ပါက ချောင်းဆုံကျွန်း တစ်ဖက်ရှိ ကျေးရွာများမှ အချိန်တိုအတွင်း ကုန်စည် စီးဆင်းမှု ပိုမို ကောင်းမွန်လာနိုင်ပါကြောင်းနှင့် အိမ်ခြေ (၁၃၆၄)အိမ် လူဦးရေ (၈၇၇၅)ဦး အကျိုးပြုသော ကျေးရွာချင်းဆက်လမ်း ဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်မည့် (၈၂၈၂) ပေရှိ ကလွီရွာရှောင်လမ်း မြေသားလမ်းနှင့် ကျောက်ရောမြေ/ ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများအား ပွင့်လင်းရာသီတွင် လမ်းအချောသတ် လုပ်ငန်းများ ဆောင်ရွက်ကြစေရေး မှာကြားသည်။
အဆိုပါလမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဖောက်လုပ်မည်ဖြစ်ကာ လမ်းဖောက်လုပ်ပြီးစီးပါက ဒရယ်၊ ကလွီ၊ မုနိုင်း၊ တောင်စွန်းကျေးရွာများမှ ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်သည်။
ထိုမှတဆင့် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်စွန်းကျေးရွာ ရွှေဘုရားကျောင်း ဆရာတော် ဘဒ္ဒန္တခေမာ အား ဖူးမြှော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခဲ့ကြောင်း သိရသည်။






