မော်လမြိုင် ဇန်နဝါရီ ၁၃
မွန်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များတွင် မြို့တွင်း၊ မြို့ပြင်ပတ်ဝန်းကျင်များသန့်ရှင်းသာယာလှပစေရေး အတွက် အပတ်စဉ် စနေနေ့တိုင်းစုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း View Point အနီးပတ်ဝန်းကျင်၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ပြည်နယ်/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာ အဖွဲအစည်း များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မီးသတ်တပ်ဖွဲဝင်၊ လူမှုရေးအသင်းအဖွဲများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၂၇၀ ခန့်သည် တောင်ရိုးတန်းလမ်းView Point အနီးပတ်ဝန်းကျင်၌ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက် နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး ပြည်နယ်၀န်ကြီးချုပ်က မော်လမြိုင်မြို့တောင်ရိုးတန်းလမ်းသည် အများပြည်သူများ စိတ်အပန်းဖြေ လာရောက်သည့် နေရာဒေသ ဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်သည့် စေတီ၊ ပုထိုးများ စုံရာနေရာဖြစ်ခြင်း၊ ကျန်းမာရေး လိုက်စားသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခြင်း၊ တောင်ရိုး တန်းလမ်းတစ်လျောက် လမ်းလျှောက်ခြင်းများလာရောက် ဆောင်ရွက်ကြသည့်အတွက် ပတ်၀န်းကျင်သန့်ရှင်းသာယာ လှပစေရေး အလေးထား ဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်မြာင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် တာ၀န်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများ၊ဆေးရုံများတွင်လည်း သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင် တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်သော ၂ဝ၂၃-၂ဝ၂၄ပညာသင်နှစ် Grade 12(သင်ရိုးသစ်)တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ် ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် Grade-12 တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်ဆိုင်ရာမေးခွန်းပုံစံများကို ကောင်းမွန်စွာ သိရှိနားလည်ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို အဆင့်မီစွာ ဖြေဆိုနိုင်ကြစေရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မား လာစေရေးကို ဦးတည်ပြီး ယခုလိုဘာသာရပ်အလိုက် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခုနှစ်မှ စတင်သင်ကြားရသည့် Grade-12 တက္ကသိုလ်ဝင်တန်းသင် ဆရာ/ဆရာမ များအတွက်များစွာ အထောက်အကူပြုမှာ ဖြစ်၍ မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား/သူများအတွက်လည်း အခက်အခဲမရှိ ဖြေဆိုနိုင်ကြမှာဖြစ်လို့ တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မားရေးအတွက်လည်း များစွာအကျိုးရှိမည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ မွန်ပြည်နယ်သည် တက္ကသိုလ်ဝင် အောင်ချက်နှင့်ပတ်သက်ပြီး ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ ၂၀၂-၂၀၂၃ ပညာသင်နှစ်ထိ (၁၂)နှစ်တာကာလ အတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ပဉ္စမ(၁)ကြိမ်၊ တတိယ(၂)ကြိမ်၊ ဒုတိယ (၁)ကြိမ်နှင့် ပထမ(၈)ကြိမ် ရရှိခဲ့တဲ့အတွက် တက္ကသိုလ်ဝင်အောင်ချက်မြင့်မားခဲ့တဲ့ အစဉ်အလာကောင်းများရှိတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ကြောင်း၊ဆွေးနွေးပွဲမှ ရရှိသော အတွေ့အကြုံကောင်း၊ အသိပညာများ၊ သင်ကြား သင်ယူမှု နည်းစနစ်များ၊ စစ်ဆေးတိုင်းတာခြင်းလုပ်ငန်းများကို မှန်ကန်စွာ လက်တွေ့ပြန်လည်အသုံးချ နိုင်ပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လူဘောင် အဖွဲ့အစည်းအား ကောင်းမွန်စွာ အကျိုးပြုနိုင်သော ဗလငါးတန်နဲ့ ပြည့်စုံသော သားကောင်း၊ သမီးမွန်များ ပေါ်ထွန်းလာစေရန် ပြုစုပျိုးထောင် ကြိုးပမ်းအားထုတ်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်စိန်နှင့် မွန်ပြည်နယ်ပညာရေးမှူးဒေါ်နန့်စယ်လီလှိုင်တို့က Grade 12 (သင်ရိုးသစ်) တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဘာသာရပ်ဆွေးနွေးပွဲများ အတွက် အလှူငွေများ ပေးအပ်ခဲ့မှုအပေါ် ပြည်နယ် ပညာရေးမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။အဆိုပါ၂ဝ၂၃-၂ဝ၂၄ပညာသင်နှစ် Grade 12(သင်ရိုးသစ်)တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲကို မော်လမြိုင် တက္ကသိုလ်မှ ပါမောက္ခဌာနမှူးများ၊ကထိကများဆရာ၊ဆရာမ ၃၅ ဦးမှမွန်ပြည်နယ်အတွင်းရှိ Grade 12 (သင်ရိုးသစ်)သင် ဆရာ၊ဆရာမ ၁၃၇၁ ဦးအား ၂ ရက်ကြာ ဘာသာရပ်များ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။









