မော်လမြိုင်၊ ဇန်နဝါရီ (၁၂)
၂၀၂၄ ခုနှစ်၊ နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ (၁၂)ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၄ ခုနှစ်၊ နှစ် ၅၀ ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အခမ်းအနားကို အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ဆောင်ရွက် သွားမည်ဖြစ်ရာ အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ် ကြောင်း၊ မွန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို ဖော်ထုတ်ပြသနိုင်ရေး၊ ဒေသ၏ Food Mark ဖြစ်သည့် အစားအစာနှင့် ထုတ်ကုန်များ၊ ပြည်နယ်၏ အထင်ကရ Land Mark ဖြစ်သည့် အသုံးအဆောင်များကို ထည့်သွင်း ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ကြစေလို ကြောင်း၊ ရွှေရတု မွန်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မည့် မွန်တိုင်းရင်းသားရိုးရာ အဆို၊ အက၊ အတီး ပြိုင်ပွဲကို မြို့နယ်အားလုံးမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မွန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးထမ်း အနုသုခုမအကပဒေသာ အစီအစဉ်များကိုပါ တမူထူးခြားစွာ အနှစ်သာရရှိရှိဖြင့် ဖျော်ဖြေတင်ဆက်ပြသနိုင်ရေးအတွက်လည်း မြို့နယ်များရှိ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွားရန်၊ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များ အားလုံးမှ ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများအားလုံး အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားကျင်းပရေး လုပ်ငန်း ကော်မတီဝင်များက နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှု များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။





