Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင်ရောက် မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား၊ ချောင်းဆုံမြို့နယ်ကမာကေး ကျေးရွာနှင့် ကော့မုပွန် ကျေးရွာများတွင် ဆောင်းသီးနှံ(ပဲတီစိမ်း၊ မတ်ပဲနှင့် မြေပဲ)စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု ကြည်ရှု စစ်ဆေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင်ရောက် မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား၊ ချောင်းဆုံမြို့နယ်ကမာကေး ကျေးရွာနှင့် ကော့မုပွန် ကျေးရွာများတွင် ဆောင်းသီးနှံ(ပဲတီစိမ်း၊ မတ်ပဲနှင့် မြေပဲ)စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု ကြည်ရှု စစ်ဆေး

by Mon Editor

မော်လမြိုင်   ဇန်နဝါရီ   ၃၀

မြန်မာ့ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင်ရောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကို ဇန်နဝါရီ ၃၀ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်တယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်းရှင်များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် MSMEs များ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပြည်ပပို့ကုန် မြှင့်တင်ရေးလုပ်ငန်းများကို အားပေးလျက်ရှိပြီး မြန်မာ့ရော်ဘာကုန်ကြမ်းများကို နိုင်ငံတကာ ဈေးကွက်ရရှိရေးအာမခံချက်ရှိသည့် ရော်ဘာတင်ပို့ နိုင်ရေးရှိမှသာ မြန်မာ့ရော်ဘာသည် ကမ္ဘာ့ပေါက်ဈေးအတိုင်း ဈေးနှုန်းများ ရရှိ လာမှာဖြစ်သလို အဆင့်မီ ရော်ဘာစက်ရုံများ ရှိမှသာ အရည်အသွေးမီရော်ဘာများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင်လည်း မျက်နှာပန်းလှ၍ ရင်ပေါင်တန်းနိုင်မှာဖြစ်‌ကြောင်း၊ ရော်ဘာ လုပ်ငန်းသည် မြန်မာ့စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်နေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးခြင်း၊ ပို့ကုန်၀င်ငွေများ ပံ့ပိုးပေးခြင်းနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တို့ကို များစွာအထောက်အကူပြုပြီး မြန်မာ့ပို့ကုန် လုပ်ငန်းတွင် အဓိကပို့ကုန်တစ်ခုအဖြစ် ပါဝင် လျက်ရှိကြောင်း၊ မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှု အများဆုံး ဒေသတစ်ခု ဖြစ်ပြီး ၂၀၂၂-၂ဝ၂၃ ခုနှစ်တွင်စိုက်ဧကပေါင်း ၅၀၄,၉၈၈ ဧက စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် တစ်နိုင်ငံလုံး ရော်ဘာစိုက်ပျိုးမှု၏ ၃၀.၈၉ ရာခိုင်နှုန်းရှိပြီး နှစ်စဉ်ထွက်ရှိလာတဲ့ ရော်ဘာများကို နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ ရောင်းချနေကြကြောင်း၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်တဲ့ ခြံရှင်များ၊ လုပ်ငန်းရှင်များအနေနှင့် အလုပ်ရုံဆွေးနွေးပွဲ ကနေ ရော်ဘာစိုက်ပျိုးမှု၊ ထုတ်လုပ်မှုနဲ့ ရော်ဘာစံချိန်စံညွှန်းစသည်တို့ကို ကျွမ်းကျင်ပညာရှင်များက မျှဝေပေးတဲ့ အတွေ့အကြုံဗဟုသုတနည်းပညာများကို သေချာစွာ လေ့လာမှတ်သားပြီး ဆောင်ရွက် သွားစေလိုကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။ 

ထို့နောက် မြန်မာ့ကုန်သွယ်မှုမြှင့်တင်‌ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တက်ရောက်လာသော ကိုယ်စားလှယ် များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာရှိ ကွင်းအမှတ်(၇၄၄) ရှိတောင်သူဦးဇော်မင်းဦး၏ လယ်ယာမြေ၌ ကျင်းပပြုလုပ်သော ပဲမျိုးစုံစိုက် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ချောင်းဆုံမြို့နယ် ဦးစီးမှူး ဦးကျော်လွင်မှ၂ဝ၂၃-၂ဝ၂၄ ခုနှစ်၊ ‌နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က  စိုက်ပျိုးရေးတွင်အဓိကလိုအပ်ချက်ဖြစ်သော မျိုး၊ မြေ၊ ရေ၊ နည်း ဖြစ်သည့် မျိုးကောင်းမွန်မှုရှိစေရေး မျိုးကောင်းမျိုးသန့်ရရှိအောင် ဖန်တီးပေး‌‌ရေးမြေအရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ခြင်းနှင့် သင့်လျော်သည့် မြေဩဇာများ ရရှိအောင် ဖန်တီးပေးနိုင်‌ရေး၊ စိုက်ပျိုးရေနှင့် အောင်ရေကို ဖူလုံစွာရရှိ‌အောင်ဖန်တီးပေးနိုင်‌ရေး၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေး၊ ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်ရေး ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ အထက်ပါအချက်လေးချက်ဖြင့် ပြည့်စုံပါက စိုက်ပျိုးရေးလုပ်ငန်းများ အနေဖြင့် ပန်းတိုင် အထွက်နှုန်းရရှိမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်မြေလွတ်၊ မြေလပ်မကျန်ရအောင် ရေ မြေ ဒေသနှင့် ကိုက်ညီသည့် နေကြာအပါအဝင် ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံတို့ကို နည်းစနစ် မှန်စွာဖြင့်တိုးချဲ့ စိုက်ပျိုးဆောင်ရွက် ကြစေလိုကြောင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တက်ရောက်လာသော တောင်သူ များအား ရွက်ဖျန်းမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံပဲမျိုးစိုက် တောင်သူများက စိုက်ပျိုးရေအား နည်းလမ်းပေါင်းစုံမှ ရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုမှု၊ ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးစေလိုမှု၊  သီးနှံများ စိုက်ပျိုးခြင်းအတွက် လိုအပ်သည့် သွင်းအားစုများ အချိန်မီ ထောက်ပံ့ပေးလိုမှု အခြေအနေတို့ကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဆောင်းသီးနှံ(ပဲတီစိမ်း+မတ်ပဲ)စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနေမှုအားလိုက်လံကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ကမာကေးကျေးရွာ ဒီပါရုံစာသင်တိုက်သို့ရောက်ရှိပြီး ရှေးဦးစွာ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်အား ဖူးမြှော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ် ကော့မုပွန်ကျေးရွာရှိ ကွင်းအမှတ် (၆၃၅)ရှိတောင်သူ ဦးဝင်းဌေး၏ လယ်ယာမြေသို့ရောက်ရှိရာ ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ချောင်းဆုံမြို့နယ် ဦးစီးမှူးက ၂၀၂၃-၂၀၂၄ နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် သီးနှံအထွက်နှုန်း တိုးတက်ရေး သာမက အရည်အသွေး ကောင်းမွန်တဲ့ ပြည်ပပို့ ကုန်အထိထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးစေရန်အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စား‌ေရရိက္ခာဖူလုံဖို့အတွက် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက် မြင့်မားအောင် တောင်သူများမှလည်း အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ကိုအကျိုးပြုသလို တောင်သူတွေရဲ့ လူမှုစီးပွား ဘဝများလည်း မြင့်မားလာမှာ ဖြစ်ကြောင်း ပြောကြားသည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တက်ရောက်လာသောတောင်သူများအား ရွက်ဖျန်းမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံ တောင်သူများမှ လိုအပ်ချက်များတင်ပြမှုများအပေါ်ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည်းဆည်းဆောင်ရွက်ပေးကာ ‌မြေပဲနှင့်မတ်ပဲ ဆောင်းသီးနှံစိုက်ခင်းအောင်မြင်ဖြစ်ထွန်းမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။

You may also like