မော်လမြိုင် ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများတွင် သန့်ရှင်း၍စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိ သူများသည် ဖေဖော်ဝါရီ ၃ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး အတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဥပဓိရုပ် ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ပေးကြရန်၊ ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးဆောင်ရွက်ရန်၊ မကြာမီကာလအတွင်း အခြေခံပညာစာမေးပွဲများ ကျင်းပတော့မည်ဖြစ်ရာ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး တာဝန်ရှိသူများအားလုံး အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များအား ဖြည်းဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး၊ အသားထုတ်လုပ်မှု ကဏ္ဍတိုးတက်မြင့်မားလာစေရေးနှင့် မွေးမြူရေးလုပ်ငန်းများမှတဆင့် ထုတ်ကုန်များ ကုန်ချောထုတ်လုပ်ပြီး စျေးကွက်သို့တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာအုပ်စု၊ နတ်စမ်းကျေးရွာ ကွင်းအမှတ် (၅၈၅ က/ နတ်စမ်းရွာကွင်း) ဦးပိုင်အမှတ် N – (၅၀)၊ ဧက (၄ ဒဿမ ၇၅) ရှိ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ရှေးဦးစွာ ရှင်းလင်းဆောင်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝက်မွေးမြူရေးခြံပိုင်ရှင် ဒေါ်ခင်ခင်ဦးတို့က ဝက်မွေးမြူရေးဆိုင်ရာ အချက်အလက်များ၊ Gestation pen
(ကိုယ်ဝန်ဆောင်ဝက်မထားသည့်ရုံ)-Farrowing pen(သားဖွားခန်း)ရုံတို့၌ ဝက်မွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝက်မွေးမြူရေးအဆောင်အတွင်းရှိ Gestation pen (ဇီးဝက်မထားသည့်အခန်း) တွင် ဝက်မ (၁၈၇) ကောင်၊ ဝက်သိုး ခန်းတွင် ဝက်သိုး (၇) ကောင် ထားရှိမှု၊ Farrowing pen (သားဖွားခန်း) တွင် ဇီးဝက်မ (၄၁) ကောင် ထားရှိမှု၊ ဝက်မ( ၁) ကောင်သားပေါက်- (၁၆) ကောင် မွေးမြူအောင်မြင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး၊ သဘာဝမြေသြဇာရရှိ စေရေးအတွက်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေးစွန့်ခြင်းများကို စနစ်တကျထည့်သွင်း တည်ဆောက်သွားရေး၊ မျိုးကောင်းမျိုးသန့်များကို ဒေသအတွင်း အခြားတစ်ပိုင်တစ်နိုင်မွေးမြူသူများအား မွေးမြူနိုင်ရေးအတွက် ကြိုးစား ထုတ်လုပ်သွားရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၌ တည်ဆောက် လျက်ရှိသော တိုင်းရင်းသားယဉ်ကျေးမှု စင်တာသို့ ရောက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းကုမ္မဏီ တာဝန်ရှိသူများမှ လေးထပ်မျှော်စင် တည်ဆောင်နေမှု၊ မြေပေါ်ရေစုကန် တည်ဆောင်ပြီးစီးမှု၊ Main Entrance Gate Door Side Entrance Gate Door၊ Security Gate တည်ဆောင်နေမှုတို့အား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်၊ ဗမာ၊ ပအိုဝ်း၊ ကရင်နှင့် အခြားတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ အနုပညာများကို တစ်နေရာတည်း၌ အများပြည်သူဝင်ရောက်လေ့လာနိုင်ရန် တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ သတ်မှတ်ဘဏ္ဏာရေးရေးနှစ်အတွင်း အချိန်မီပြီးစီးစေရေးနှင့် စံချိန်စံညွှန်းနှင့် ကိုက်ညီစေရေး အထူးအလေးထားဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှားကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်း ခန်းမ၌ ကျင်းပပြုလုပ်သော မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၁)ခုနှင့် လေယာဉ်ကွင်းအသစ်(၁)ခုတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း အသစ်(၁)ခုနှင့် ဆိပ်ကမ်းအသစ်(၁)ခု တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းမြေစုစုပေါင်းဧရိယာ(၄၆၉၅.၅၈)ဧက ကျယ်ဝန်းပြီး စီမံကိန်းတွင် အသုံးပြုမည့်လယ်ယာမြေနှင့် အခြားမြေများအတွက် လျော်ကြေး/နစ်နာကြေးများပေးလျော်ထားပြီဖြစ်ကြောင်း၊ လေယာဉ်ကွင်း စီမံကိန်းတွင် အသုံးပြုမည့်မြေများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် အညီ အသုံးပြုခွင့်အမြန်ရရှိရေးအတွက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဆောင်ပြီး သက်ဆိုင်ရာဌာနများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပတ်သက်ပြီး လျော်ကြေးပေးချေခြင်း၊ မြေယာပိုင်ဆိုင်မှု ဆောင်ရွက်ခြင်းများအတွက် မြေယာလုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ပြီးပြတ်အောင် သက်ဆိုင်ရာဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့တို့အား ညွှန်ကြားကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက မော်လမြိုင်မြို့အနီး လေဆိပ်အသစ် တည်ဆောက်ခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်မတီဝင်များက နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။







