မော်လမြိုင် ဖေဖေါ်ဝါရီ ၅
နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ငှားစရိတ်နှင့် ဝတ်စုံစရိတ်ကို နိုင်ငံတော်မှထောက်ပံ့ပေးလျက် ရှိသော်လည်း ပညာသင်ကြားပေးသည့် ဆရာ၊ ဆရာမ၏ နေထိုင်စားသောက်ရေးအား တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးရန် လမ်းညွှန်မှုနှင့်အညီ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ပြည်သူများအတွက် သက်သာသောနှုန်းထားများဖြင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင် စေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးခြင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ကျောင်းဝင်းအတွင်း၌ ရောင်းချပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှု အားပေးခဲ့သည်။
ထို့နောက် အဆိုပါ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား/သူများကအေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု အားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်အောင်ဆောင်ရွက်ကာ ကုန်ထုတ်လုပ်သူများ အနေဖြင့်လည်း အများပြည်သူ များအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချ ပေးရန်လိုပါကြောင်း၊ နှစ်ပတ်တစ်ခါ ရောင်းချနိုင်ရေးနှင့်ရေထွက်ပစ္စည်းငါး၊ ပုဇွန်များပါရောင်းချနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပြီး လိုအပ်သည်များကိုတာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ သည်။
ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကမ္ဘာတစ်ဝန်း သဘာဝဘေးဖြစ်ပွားရသည့်အကြောင်းများကို လေ့လာကြည့်ပါက ကမ္ဘာကြီးပူနွေး လာမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ကမ္ဘာ့လူဦးရေတိုးပွားလာမှု၊ ရုပ်ကြွင်းလောင်စာများကို အမြောက် အများအသုံးပြုမှု၊ လူမှုရေးစနစ်ပြောင်းလဲလာမှုနှင့်အတူ ဓါတုကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ ခေတ်မီဆန်းသစ်တဲ့ လက်နက်ဆန်းတွေ တီထွင်မှုများနဲ့ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများကြောင့် ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်းမှာဖြင့် ရေဘေး၊ မြေပြိုဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုး ဘေးနဲ့မီးဘေးများကို နှစ်စဉ်ကြုံတွေ့နေရကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု စက်ဝန်းဖြစ်သည့် ပထမအဆင့် ဘေးမဖြစ်ပွားမီအဆင့်တွင် ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းခြင်း၊ သတိပေးချက် များကို ထုတ်ပြန်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ အသိပညာပေးခြင်း၊ ဘေးအန္တရာယ် တစ်ခုချင်းစီ အလိုက် စီမံချက်များ ရေးဆွဲထားခြင်း စတဲ့အချက်များအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ဒုတိယအဆင့် ဘေးဖြစ်ပွားစဉ် အရေးပေါ်အခြေအနေမှာ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရှာဖွေ ကယ်ဆယ်ခြင်း၊ ဘေးလွတ်ရာသို့ ရှောင်တိမ်းခြင်း၊ အရေးပေါ်အခိုအကာနဲ့ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းစတဲ့ လုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ကာ နောက်ဆုံးအဆင့်ဖြစ်သည့် ဘေးဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများမှာ ပြည်သူလူထု အနေနဲ့ နဂိုမူလအခြေအနေများထက် ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ပိုင်ဆိုင်ဖို့ဆိုတဲ့ ထိရောက်ပြီး စနစ်ကျတဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု နည်းလမ်းများကို လိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို သိရှိပြီးမိမိနေထိုင်ရာ တာဝန်ကျရာဒေသများသို့ ပြန်လည်ရောက်ရှိတဲ့အခါ မိမိတို့ဆည်းပူး လေ့လာခဲ့တဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုပညာရပ် များကိုထိရောက်စွာအသုံးချပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်နိုင်ကြပါစေလိုကြောင်းပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးသိန်းဌေးအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများထံ ထောက်ပံ့ငွေ(၁၀)သိန်းပေးအပ်ချီးမြှင့်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးကလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ အဆိုပါ ပြည်နယ်အဆင့်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း(၅၀)ဦး တက်ရောက် မည်ဖြစ်ကာသင်တန်းကာလ (၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။





