မော်လမြိုင် ဖေဖေါ်ဝါရီ ၆
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီး ဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူများအတွက် သက်သာသောနှုန်းထားများဖြင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချ ပေးခြင်းကို ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မော်လမြိုင်)ကျောင်းဝင်းအတွင်း၌ ရောင်းချပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှု အားပေးခဲ့သည်။
ထို့နောက် အဆိုပါ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို နည်းပညာ တက္ကသိုလ်(မော်လမြိုင်) ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား/ သူများကအေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံ စားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်အောင်ဆောင်ရွက်ကာ ကုန်ထုတ်လုပ်သူများအနေဖြင့်လည်း အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိ ရောင်းချပေးရန်လိုပါကြောင်း၊ နှစ်ပတ်တစ်ခါသို့မဟုတ် လစဉ်ရောင်း ချနိုင်ရေးဆောင်ရွက်ကြစေလိုကြောင်း ဖြင့် ပြောကြားပြီး လိုအပ်သည်များကိုတာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်နယ်ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း (MonRPPA)တို့ တွေ့ဆုံပွဲ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းငယ်များသည် ရော်ဘာထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများတွင် ပါဝင်နေ၍ ရော်ဘာစိုက်ပျိုးရေးတွင် ခြံငယ်များသည် အဓိကကျသည့်နေရာမှ ပါဝင်နေပြီး ယင်းခြံငယ်များမှ ဈေးကွက်မီရော်ဘာ အရည်အသွေးကောင်း ရော်ဘာ ထုတ်လုပ်ရန် ကျော်လွှားရမည့် အခက်အခဲများရှိနေကြောင်း၊ မြန်မာနိုင်ငံ၏ ရော်ဘာစိုက်ပျိုးဧရိယာများ အနက် မွန်ပြည်နယ်သည် စိုက်ဧရိယာအများဆုံး ဒေသတစ်ခုဖြစ်ပြီး (၂ဝ၂၂- ၂၀၂၃) ခုနှစ်တွင် စိုက်ဧကပေါင်း (၅၀၄,၉၈၈)ဧက စိုက်ပျိုးထားရှိပြီးဖြစ်လို့ တစ်နိုင်ငံလုံးစိုက်ဧရိယာ၏ (၃၀.၈၉%) ရှိတာကို တွေ့ရှိရကြောင်း၊ မွန်ပြည်နယ်၏ GDP တိုးတက်မှုတွင် ရော်ဘာအခန်းကဏ္ဍသည် အဓိကပါဝင်နေတာကြောင့် ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ဌာနဆိုင်ရာများနှင့်အတူ မွန်ပြည်နယ်၏ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်း (MonRPPA) ၏ မိတ်ဘက်အဖွဲ့အစည်းများဖြစ်သော Care Myanmar ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ INGO၊ NGO နှင့် ပုဂ္ဂလိကခြံရှင်များ၊ ရော်ဘာတန်ဘိုးကွင်းဆက် တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံးမှ ပူးပေါင်း၍ အောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း ရော်ဘာသစ်ခွဲသားစက်ရုံ(၁၂)ရုံနှင့် ရော်ဘာသစ်ပါးလွှာစက်ရုံ(၁၁)ရုံ တည်ရှိပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ရော်ဘာအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရော်ဘာ စိုက်ပျိုးသူတောင်သူ စုစုပေါင်း (၄၂၅) ဦးအတွက် စုစုပေါင်း ချေးငွေကျပ် (၅၁၆,၄၀၀,၀၀၀) ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အဆင့်မြင့် ရော်ဘာပြားထုတ်လုပ်သည့် ရော်ဘာ မှိုင်းရုံလုပ်ငန်းရှင်(၅)ဦးအတွက် ကျပ်သန်း(၅၀၀)နှင့် ဆက်လက်၍လည်း လုပ်ငန်းရှင်များအား ထုတ်ချေး ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း (MonRPPA) ၏ လိုအပ်ချက်များ၊ အကြံဉာဏ်များကို ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် ပြည်နယ်စီးပွားရေးရာ ဝန်ကြီး နိုင်လယိတမတို့က ဒေသထွက်ကုန် ရော်ဘာအား တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာကဏ္ဍ အလိုက် အကြံပြုဆွေးနွေးတင်ပြကြပြီး ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူလုပ်ငန်းရှင်များက သွင်းအားစုများဖြစ်သော ဓါတ်မြေဩဇာ၊ Fromic Acid၊ အမိုးနီးယားများအား ဈေးနှုန်းသက်သာစွာဝယ်ယူသယ်ဆောင်ခွင့်ရရှိနိုင်ရေး၊ ရော်ဘာအရည်အသွေးတိုးတက် ကောင်းမွန်ရေး၊ တန်ဖိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရေး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။




