၂၀၂၅ခုနှစ် မတ်လ ၈ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာအမျိုးသမီးများရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန်၊ အမျိုးသမီးများ လူမှုအဖွဲ့ အစည်းအတွင်း ပါဝင်ဆောင်ရွက်နိုင်ရန်၊ အမျိုးသမီးများ၏ အခွင့်အရေး အပြည့်အဝရရှိစေရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျားမတန်းတူ ညီမျှမှုကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ အခမ်းအနားများကိုလည်း ကျင်းပ လျက်ရှိကြောင်း၊နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသမီးများရဲ့ ဘဝဖွံ့ဖြိုးရေး၊ ခွဲခြား ဆက်ဆံမှုနှင့် အကြမ်းဖက်ခံရမှုများ မရှိစေရေး၊ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာဖို့ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး စသည့် အခွင့်အလမ်းတွေကို နိုင်ငံတစ်ဝှမ်း တန်းတူညီမျှ ဖော်ဆောင် ပေးလျက်ရှိရာလူ့အဖွဲ့အစည်းအနေနဲ့ အမျိုးသမီးများကို ပညာရေးဆိုင်ရာ အထောက်အပံ့နှင့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လုပ်ခလစာနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ အသိပညာများပေးခြင်း၊ ကျန်းမာရေးဗဟုသုတနှင့်စောင့်ရှောက်မှု အစီအစဉ်များ ဖန်တီးပေးခြင်း၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများကို ကာကွယ်ပေးသည့် ဥပဒေမူဝါဒများ ပြဋ္ဌာန်း ပေးခြင်း၊ အမျိုးသမီးများအပေါ် လူမှုရေး အမြင်များ ပြောင်းလဲရန် အသိပညာပေးခြင်းနှင့် ကျား၊ မ တန်းတူညီမျှ မှုကို လက်တွေ့ကျင့်သုံး ဆောင်ရွက်ခြင်းတို့ကို ပူးပေါင်းပါဝင်ဆောင်ရွက် ပေးရမှာဖြစ်ကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းမှာ အဓိကအင်အားစုကြီး တစ်ခုဖြစ်သည့် မြန်မာအမျိုးသမီးများဟာ ကဏ္ဍစုံမှာ အမျိုးသားများနဲ့ တန်းတူပါဝင် ဆောင်ရွက်နေကြတဲ့ မြန်မာအမျိုးသမီးများ အားလုံးကိုလည်း ဂုဏ်ယူပါကြောင်းနှင့် မိမိတို့ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပြီး မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်များ ဖန်တီး ပေးနိုင်ပါစေကြောင်းပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သော သဝဏ်လွှာအား Video Clipနှင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clipအား ပြသနေမှုများကို ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် သားဖွားသင်တန်းကျောင်း(မော်လမြိုင်)မှ ကျောင်းသူလေးများက တစ်နှစ်နွမ်း တစ်နှစ်ဆမ်း သီချင်းနှင့် လက်ခတ်သံ တေးသီချင်းဖြင့်လည်းကောင်း၊ အမှတ်(၁)မူကြိုကျောင်းမှ သမီးငယ်လေးများက ပျူခေတ်အကဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော လူမှုဝန်ထမ်းဦးစီးဌာ လက်အောက်ရှိ အိမ်တွင်းမှုကျောင်းနှင့် မော်လမြိုင်မြို့ OSWSC တို့မှ ထုတ်ကုန်များနှင့် အမျိုးသမီးများ၏ ဒေသထွက်ကုန် ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်


