မော်လမြိုင် ၊ ဇူလိုင် ၂၄
မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ မွန်ပြည်နယ်အစိုးရ အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အခြေခံတစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင် ထိန်းသိမ်းခြင်းသင်တန်း၊ အခြေခံဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အလုပ်အကိုင်အခွင်အလမ်း ဖန်တီးပေးရေး လုပ်ငန်းကော်မတီဝင်များ၊ သင်တန်းသားများတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေး ကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၃၃)၏ ရည်မှန်းချက် (၃)ရပ်အနက် တစ်ရပ်မှာ “အန္တရာယ် ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင် နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်”၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအနေဖြင့် အမျိုးသား အဆင့် လုပ်ငန်းစီမံချက်၏ ပထမ (၅) နှစ် စီမံချက် (၂၀၁၉-၂၀၂၃) ခုနှစ်အထိတွင် “အရည်အသွေးရှိသည့် လုပ်သား အင်အား ရရှိစေရန်၊ ကလေးသူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သော အလုပ်အကိုင် ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်းများအတွက် ထိရောက် သင့်လျော်သော ဘက်ဂျက်ငွေ တင်ပြအသုံးပြုခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းဈေးကွက်များ မြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြင့်ပစ္စည်း ထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ပေးလိုသော ဌာနများ နှင့်ချိတ်ဆက်ဆောင်ရွက်ပေးခြင်း” တို့ကို တာဝန်ခံ၍ တာဝန်ယူ ဆောင်ရွက် ရမှာဖြစ်ကြောင်း ၊ လူငယ်ရေးရာမူဝါဒအရ အထူးအလေးထားရသော ကလေးများဖြစ်သည့် လူငယ်သင်တန်းကျောင်းမှ ကလေးများအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များဖြစ်သော အခြေခံတစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင် ထိန်းသိမ်းခြင်း သင်တန်း၊ အခြေခံဂဟေဆက် သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းတို့ ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ကြောင်း ၊ မွန်ပြည်နယ် ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကလေးအလုပ်သမားများ လျော့နည်း ပပျောက်လာစေရန် သက်မွေး ဝမ်းကြောင်း သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးပြီး သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့် ပညာရပ်များကို လက်တွေ့ နယ်ပယ်တွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများ ဖြစ်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်လာကြသော လုပ်ငန်းကော်မတီဝင်များ၊ သင်တန်းသားများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူး၍ သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သင်တန်းသား (၄၀)ဦးဖြင့် ဇူလိုင် (၂၄) ရက်နေ့မှ သြဂုတ် (၄) ရက်နေ့အထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရှိရသည်။




