Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊ မွန်ပြည်နယ်အတွင်းရှိ နိုင်ငံပိုင်စက်ရုံ(၇)ရုံ လုပ်ငန်များ၊ ဌာနပိုင်ဂိုထောင်များနှင့် စိုက်ပျိုးရေးခြံများ ငှားရမ်းလုပ်ကိုင်လျက်ရှိသော ဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊ မွန်ပြည်နယ်အတွင်းရှိ နိုင်ငံပိုင်စက်ရုံ(၇)ရုံ လုပ်ငန်များ၊ ဌာနပိုင်ဂိုထောင်များနှင့် စိုက်ပျိုးရေးခြံများ ငှားရမ်းလုပ်ကိုင်လျက်ရှိသော ဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

by Mon Editor

မော်လမြိုင်၊ စက်တင်ဘာ ၁
မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားနှင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊  စက်တင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အားကစားသမားများ နှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင် အားကစားသမားများမှ ကွင်းအတွင်း နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံ တွန်းအားပေးပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိရာ အားကစားကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အထူးအလေးပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်၊ လူရွယ်များ ကျန်းမာသန်စွမ်းပြီး ကိုယ်ကာယကြံ့ခိုင်စေရန် အားကစား လှုပ်ရှားမှုများမှာ ပါဝင်ကြဖို့ လိုအပ်သလို စာရိတ္တဘက်စုံဖွံ့ဖြိုးအောင်၊ ပိုမို ကြံ့ခိုင်အောင် လေ့ကျင့်ပေးကြဖို့လည်း လိုအပ်ကြောင်း၊ ဘော်လီဘောအားကစားနည်းဟာ ကျေးရွာများပါမကျန် ကစားတဲ့ အားကစားနည်းဖြစ်သလို  မီးခဲပြာဖုန်း ရွက်ပုန်းသီး မျိုးဆက်သစ် ဘောလီဘော အားကစားသမားတွေကိုဖော်ထုတ်ပြီး ထူးချွန်တဲ့ အားကစားသမားများ ဖြစ်လာအောင် ပြုစုပျိုးထောင် မွေးထုတ်ပေးသွားရမှာ ဖြစ်ကြောင်း၊ မွန်ပြည်နယ် ဘော်လီဘော အားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ စဉ်ဆက် မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် “ကျေးရွာအဆုံး တစ်ပြည်လုံး ဆင်းရဲချမ်းသာ ကစားပါ”ဆိုတဲ့ ဘော်လီဘောအားကစားနည်းရဲ့ ဆောင်ပုဒ်နှင့်အညီ ဘော်လီဘောအားကစားကို စိတ်ပါဝင်စား လိုက်စား လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူပုဂ္ဂိုလ်များအားလုံး အထူးအာရုံစိုက်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ အားကစားသမားများ အနေဖြင့် ဘောလီဘော အားကစားရဲ့ အနှစ်သာရကို ပေါ်လွင်အောင် ယှဉ်ပြိုင် ကစားကြရန်နှင့် နိုင်ငံတော်မှ အားထားရတဲ့ အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ် တာဝန်ရှိသူများမှ ဘော်လီဘောပိုက် နှင့် ဘော်လီဘော ဘောလုံးများ ထောက်ပံ့ပေးအပ်မှုအပေါ် ပြည်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်မှ လက်ခံရယူခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ အဖွင့်ပွဲစဉ်အနေဖြင့် ပေါင်မြို့နယ်  ဘောလီဘောအသင်းနှင့် ချောင်းဆုံမြို့နယ် ဘောလီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံပိုင်စက်ရုံ(၇)ရုံ၊မှ တာဝန်ခံများ၊ လုပ်ငန်းဌာနပိုင်ဂိုထောင်နှင့် ခြံများ ငှားရမ်းလုပ်ကိုင်လျက်ရှိသော ဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉)ရပ်အနက် စီးပွားရေးဦးတည်ချက်တွင် “တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး” ဟူ၍ ချမှတ်ထားပါကြောင်း၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများတွင် အရှုံးပေါ်နေသည့် ဌာန များရှိနေပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် ဝန်ကြီး ဌာနလုပ်ငန်းများ အောင်မြင်စေရေး ကြည့်ရှု စောင့်ရှောက်ပေးရန် ဟု လမ်းညွှန်မှုပြုခဲ့ပါ၍ ယခုကဲ့သို့ မွန်ပြည်နယ်အတွင်းရှိ စက်မှုဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းအသီးသီးမှ စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ပြည်ပသို့ကုန်ကြမ်း တင်ပို့ခြင်းထက် ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဆိုပါက သွင်းကုန် ပမာဏကို လျော့ချနိုင်မည်ဖြစ်သကဲ့သို့ ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်သလို ပြည်တွင်းကုန် ထုတ်လုပ်မှုကို အားပေးနိုင်မည်ဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်း များစွာကိုလည်း ဖော်ဆောင်ပေးနိုင်မည် ဖြစ်သဖြင့် မိမိတို့အနေဖြင့် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်၏ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်တွင် ရာဘာလုပ်ငန်းကို အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်အနေဖြင့် (၁)နှစ်လျှင် Radial Tyre (၁၅၀,ဝ၀ဝ) နှင့် မော်တော်ဆိုင်ကယ်တာယာ(၄၅၀,၀၀၀) ထုတ်လုပ် ခဲ့ပြီး ပြည်ပသို့ တင်ပို့လျက်ရှိသဖြင့် အထူးပင်ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ရော်ဘာကုန်ကြမ်း ပေါများ သည့်ပြည်နယ်ဖြစ်သည့်အတွက် ယခု ရော်ဘာထုတ်လုပ်နေသည့် အရေအတွက်ထက် တိုးမြှင့်ပြီးထုတ်လုပ်ပေးစေလို ကြောင်းနှင့် အခြားရော်ဘာ အသုံးပြုထုတ်ကုန်များကိုလည်း စမ်းသပ် တီထွင် ထုတ်လုပ်ကြရန်လိုကြောင်း၊ အလားတူ မွန်ပြည်နယ်အတွင်းရှိ နိုင်ငံပိုင်စက်ရုံသည်လည်း စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဌာနပိုင်ဂိုထောင်များနှင့် စိုက်ပျိုးရေးခြံများ ငှားရမ်းလုပ်ကိုင်လျက်ရှိသော ဌာနများအနေဖြင့်လည်း အခက်အခဲများရှိပါက ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
အဲဒီနောက်  နိုင်ငံပိုင်စက်ရုံများ၊ လုပ်ငန်း၊ ဌာနများဖြစ်သည့်  ဘီးလင်းအမှတ်(၂၂)အကြီးစားစက်ရုံ၊ မော်လမြိုင် အမှတ်(၄)အရက်ချက်စက်ရုံ၊ သံဖြူဇရပ် ခရမ့်ရော်ဘာစက်ရုံ၊ ဘီးလင်းသကြားစက်ရုံ၊ သထုံအမှတ်(၂၁)အကြီးစားစက်ရုံ၊ ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန (မော်လမြိုင်)၊ နှင့် ဘီးလင်းအရက်ချက်စက်ရုံတို့ရှိတာဝန်ရှိသူများမှ စက်ရုံလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက မွန်ပြည်နယ်အတွင်းရှိ နိုင်ငံပိုင်စက်ရုံ(၇)ရုံလုပ်ငန်းများ၊ ဌာနပိုင်ဂိုထောင်နှင့် စိုက်ပျိုးရေးခြံများ ငှားရမ်းလုပ်ကိုင်လျက်ရှိမှုအခြေအနေများအပေါ် သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးဦးတိုး၀င်းက ဖြည့်စွက်ဆွေးနွေးအကြံပြုပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည်းဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။

You may also like